မဲခေါင်၊ နိုဝင်ဘာ ၂၆
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အင်းကြီးကျေးရွာရှိ စစ်တပ်ဂိတ်တွင် ဆိုင်ကယ်ရပ်ရန် တားမြစ်သော်လည်း မရပ်ဘဲ မောင်းနှင်သွားသည့် လူငယ်နှစ်ဦးကို စစ်သားများက နောက်မှလိုက်လံပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ရွာငံမြို့နယ် အနန္တဇိန တန်ဆောင်တိုင်ပွဲတော်သို့ သွားရောက်ရန် မန္တလေးမှလာသည့် လူငယ်တစ်ဦးသည် ငွေတောင်ကျေးရွာရှိ သူငယ်ချင်း၏ နေအိမ်တွင် တည်းခိုခဲ့ပြီးနောက် သူငယ်ချင်းနှင့်အတူ ဆိုင်ကယ်ဖြင့် ပွဲတော်သို့ ထွက်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် အင်းကြီးကျေးရွာရှိ စစ်တပ်ဂိတ်အနီး ဖြတ်သန်းသွားစဉ် စစ်သားများက ဆိုင်ကယ်ရပ်ရန် တားမြစ်ခဲ့သော်လည်း မကြားမိဘဲ ဆက်လက်မောင်းနှင်သွားရာမှ နောက်ကနေ လိုက်လံပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိသူ ရွာငံဒေသခံတစ်ဦးက ပြောသည်။
“ပွဲတော်သွားဖို့ လမ်းမှာ ဒီလိုပစ်ခတ်မှုဖြစ်တာက တော်တော်စိုးရိမ်စရာပါ။ ဂိတ်တွေမှာ ဖြတ်သန်းသွားလာရတဲ့အခါ ဘာဖြစ်မလဲဆိုတာ မသိနိုင်ဘူး။ အခုဆိုရင် ပွဲသွားပွဲလာတဲ့သူတွေလည်း သတိထားပြီး သွားလာရတဲ့အခြေအနေ ဖြစ်နေတယ်။ လူငယ်နှစ်ယောက်ကလည်း ပွဲတော်သွားဖို့ပဲ ထွက်လာတာလကို အခုလိုဖြစ်သွားတာ စိတ်မကောင်းဘူး” ဟု ရွာငံဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် နိုဝင်ဘာ ၂၀ ရက်တွင် ရွာငံမြို့နယ် အလယ်ချောင်နှင့် ပြေသာကျေးရွာများမှ ဒေသခံ ၁၉ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းဒေသခံများထံမှသိရသည်။
ဖမ်းဆီးခံရသူများအနက် လသားအရွယ် ကလေးငယ်များနှင့် အမျိုးသမီးများလည်း ပါဝင်ကြောင်း သိရပြီး ဖမ်းဆီးခံရသူများ၏ လက်ရှိအခြေအနေနှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရသေးကြောင်း ဒေသခံများထံမှသိရသည်။
ရွာငံမြို့နယ်အတွင်း ယခုနိုဝင်ဘာလအတွင်း ပစ်ခတ်သတ်ဖြတ်မှုနှင့် ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး နိုဝင်ဘာ ၁၉ ရက် ပြေသာကျေးရွာတွင် သားအဖနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရမှု၊ နိုဝင်ဘာ ၂၀ ရက် ဒေသခံ ၁၉ ဦး ဖမ်းဆီးခံရမှုတို့ကြောင့် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။
#MeKongNews
#ရှမ်းတောင်
#ရွာငံ
#စစ်ကောင်စီ
#ပစ်ခတ်
#လူငယ်
#စစ်ဆေးရေး








