မဲခေါင်၊ နိုဝင်ဘာ ၂၆
ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ဟိုပုံး၊ ပင်လုံ၊ မိုင်းရှူးနှင့် အခြားမြို့များတွင် တန်ဆောင်မုန်းလပြည့်ည၌ ကျီးမနိုးည (သူခိုးည) ဟု အကြောင်းပြကာ ဆိုင်များဖောက်ထွင်းခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ ကားမှန်များရိုက်ခွဲခြင်းနှင့် လမ်းဘေးရှိ ပစ္စည်းများကို ရွှေ့ပြောင်းဖျက်ဆီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၂၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်များတွင် တောင်ကြီးမြို့ အေးသာယာရှိ ကွမ်းယာဆိုင်တစ်ဆိုင်ကို ရိုက်ခွဲဖျက်ဆီးခဲ့သည့်အပြင် ဟိုပုံးမြို့တွင်လည်း ဆိုင်ရှေ့ခင်းကျင်းထားသည့် ထိုင်ခုံများ၊ ပန်းအိုးများနှင့် ဆိုင်သုံးပစ္စည်းများ ခိုးယူခံခဲ့ရသည်။
“အေးသာယာမှာ ကွမ်းဆိုင်ကို ဖျက်ဆီးတာလည်းတွေ့ရတယ်။ ပြီးတော့ ဝိုင်ဖိုင်ကြိုးတွေကို ဖြတ်တောက်သွားတာတွေလည်း လုပ်သွားတယ်။ ဘယ်လို စိတ်နဲ့ လုပ်နေတာလည်းမသိဘူး။ တောင်ကြီးမှာလည်း ကွမ်းဆိုင်ကို ပက်လက်လှန်ပြီး လမ်းမပေါ်ချထားတယ်။ ဒီခေတ်က ကွမ်းယာဆိုင်တဲတလုံး လုပ်ရင်တောင် ၁၀ သိန်းနဲ့ ကောင်းကောင်းမရဘူး။ ပိုက်ဆံမရှာဖူးတဲ့ကောင်တွေပဲ အဲ့လိုလုပ်ရက်တာ။”ဟု တောင်ကြီးဒေသခံ စိုင်းကျော်လှက ပြောသည်။
ဟိုပုံးမြို့တွင် ဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး အထည်များနှင့် ဦးထုပ်အများအပြား ခိုးယူခံခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း၊ CCTV မှတ်တမ်းများအရ ပစ္စည်းများယူဆောင်သွားသူများမှာ လူငယ်အရွယ်များဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့အပြင် ပင်လုံမြို့ ဘုရားကြီးရှေ့ရှိ ဆိုင်တန်းများမှ ဆိုင်ခန်းတဲများနှင့် ထိုင်ခုံများကို လမ်းမပေါ်သို့ ရွှေ့ပြောင်းထားခြင်းများ ဖြစ်ပွားခဲ့ပြီး အချို့သူများက ယင်းလုပ်ရပ်များကို ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်ပေါ်တွင် ပြန်လည်မျှဝေခဲ့ကြသည်။
မိုင်းရှူးမြို့တွင်လည်း လမ်းဘေး၌ ရပ်ထားသည့် မော်တော်ယာဉ်တစ်စီးကို လူတစ်စုက မှန်များရိုက်ခွဲကာ အမှိုက်များဖြင့် ပစ်ပေါက်ထားခဲ့ကြောင်း သိရသည်။ ထို့အပြင် မိုင်းရှူးတောင်ပေါ်ရှိ နောက်ထပ်အိမ်တစ်အိမ်တွင်လည်း အိမ်ရှေ့ရပ်ထားသည့် ဆိုင်ကယ်တစ်စီး ခိုးယူမှုခံခဲ့ရသည်ဟု ပိုင်ရှင်ဖြစ်သူက လူမှုကွန်ယက်တွင်ပြောသည်။
“သူခိုးညလို့ပြောပြီး ကားမှန်တွေရိုက်ခွဲ၊ အမှိုက်ထုပ်တွေနဲ့ ပစ်ပေါက်တာက ဘာစရိုက်လည်းမသိတော့ဘူး။ အပျော်မဟုတ်တော့ဘူး။ အပျက်ဖြစ်သွားပြီ။ ဆိုင်ကယ်ခိုးခံရတလည်းရှိတယ်။ ပြန်မရသေးဘူး”ဟု မိုင်းရှူးတောင်ပေါ်ဒေသခံတစ်ဦးကပြောသည်။
အလားတူ လွိုင်လင်၊ နမ့်စန်နှင့် တောင်ကြီးမြို့များတွင်လည်း ဆိုင်ရှေ့ရှိ ပစ္စည်းအသေးအမွှားများ ခိုးယူခြင်း၊ ထိုင်ခုံများနှင့် ပန်းအိုးများကို နေရာရွှေ့ပြောင်းခြင်းများ ဖြစ်ပွားခဲ့ပြီး အချို့နေရာများတွင် လမ်းပေါ်သို့ ပစ္စည်းများ ရွှေ့ထားသဖြင့် ယာဉ်သွားလာရေး အနှောင့်အယှက်ဖြစ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“ဒီနှစ်ဆို မြို့တော်ဖြစ်တဲ့ တောင်ကြီးမှာတောင်မှ လမ်းပေါ်ထွက်ပြီး ကားတွေတားပြီး ပိုက်ဆံတောင်းတာ ပိုက်ဆံကြဲခိုင်းတာတွေ လုပ်ကြတာ အများကြီးပဲ။ လမ်းမကြီးပေါ်ကို တောင်းတာ။ ကျွန်မတို့ ငယ်ငယ်တုန်းက တောင်ကြီးမှာ ဒီလိုမျိုးတောင်းတဲ့ဟာမရှိပါဘူး”ဟု တောင်ကြီးသူတစ်ဦးကပြောသည်။
ကျီးမနိုးညဟု ခေါ်ဆိုသည့် အလေ့အထကို အကြောင်းပြု၍ အခြားသူများ၏ ပိုင်ဆိုင်မှုများကို ခိုးယူဖျက်ဆီးခြင်းများအပေါ် ဒေသခံများက ဝေဖန်နေကြပြီး အပျော်သဘောဖြင့် ပြုလုပ်သည့် လုပ်ရပ်များသည် အခြားသူများ၏ စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်စေသည့်အပြင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားစေနိုင်သည့် အန္တရာယ်လည်း ရှိကြောင်း ထောက်ပြပြောဆိုကြသည်။
အဆိုပါဖြစ်စဉ်များကြောင့် ဆိုင်ပိုင်ရှင်များနှင့် မော်တော်ယာဉ်ပိုင်ရှင်များမှာ ပစ္စည်းဆုံးရှုံးမှုနှင့် ပျက်စီးမှုများ ကြုံတွေ့ခဲ့ရပြီး ရိုးရာပွဲတော်အမည်ကို အကြောင်းပြကာ သူတစ်ပါးပိုင်ဆိုင်မှုများကို ဖျက်ဆီးခိုးယူသည့် လုပ်ရပ်များအပေါ် ဒေသခံများအကြား စိုးရိမ်ဝေဖန်မှုများ ရှိနေသည်။
#MeKongNews
#ရှမ်းတောင်မြို့
#ကျီးမနိုးည
#သူခိုးည
#ဆိုင်ကယ်
#ခိုးယူ








