~ ဒင်းဒင်း ~
အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို ကြီးကျယ်တဲ့ သိမ်းပိုက်မှုတွေလုပ်ဖို့ တာဝန်အပ်နှင်းခံရတဲ့ သူတို့ရဲ့ ထိပ်တန်း ကွန်ပျူတာ ဟက်ကာတွေကို မြောက်ကိုရီးယားအစိုးရက မြို့တော် ပြုံယမ်းမှာ ကျယ်ဝန်းတဲ့ တိုက်ခန်းမျိုးတွေ၊ ကြီးမားတဲ့ နိုင်ငံခြားဆုကြေးငွေတွေနဲ့ ချီးမြှောက် ပါတယ်။
ကွန်ပျူတာအင်ဂျင်နီယာ ဘာသာရပ်ကို သင်ယူလေ့လာဖို့ နှစ်စဉ် အတော်ဆုံး အလယ်တန်းကျောင်းသား အယောက် ၂၀၀ ကို ရွေးချယ်တဲ့ ဆယ်စုနှစ်တစ်ခုကျော်လာပြီ ဖြစ်တဲ့ အစီအစဉ်တစ်ခုမှာ အဲဒီလိုမက်လုံးမျိုးတွေပေးပြီး ခေါင်ဆောင် ကင်ဂျုံအန်က ကမ္ဘာ့အဆင့် ဟက်ကာတပ်ဖွဲ့ကြီးကို စုစည်းထားတယ်လို့ တောင်ကိုရီးယားဘက် ကူးပြောင်းလာသူတွေနဲ့ လေ့လာဆန်းစစ်သူတွေက ပြောကြပါတယ်။
နောက်ပိုင်းမှာ သူတို့ထဲက လက်တစ်ဆုပ်စာလောက်ဟာ ကနဦးမှာ တရားမဝင် လောင်းကစားဝက်ဘ်ဆိုက်တွေ လုပ်ကိုင်ရာကနေ ပြီးခဲ့တဲ့လမှာ ကမ္ဘာ့အကြီးဆုံး ဆိုက်ဘာငွေကြေးခိုးယူမှုလိုမျိုးလုပ်တဲ့ တိုးတက်ပြောင်းလဲလာတဲ့အုပ်စုထဲမှာပါဝင်တဲ့ ဟက်ကာတွေ ဖြစ်လာကြတယ်လို့ သူတို့က ပြောပါတယ်။
“တကယ်တမ်းတော့ သူတို့ဟာ ကင်ဂျုံအန်ရဲ့ လျှို့ဝှက်လက်နက်တွေဖြစ်ပါတယ်” လို့ ၂၀၀၄ ခုနှစ်မှာ တောင်ကိုရီးယားဘက် ထွက်မပြေးမီ အစိုးရကိုယ်စားပြုပြီး ဟက်ကာတွေကို လေ့ကျင့်ပေးခဲ့ရသူ မြောက်ကိုရီးယားမှ ဘက်ပြောင်းလာသူ ကင်ဟောင်ကွမ်က ဆိုပါတယ်။
“ဒီလိုမျိုးဟက်ကာတွေကို လေ့ကျင့်မွေးထုတ်ပေးတဲ့ နိုင်ငံမျိုး မရှိပါဘူး။ အတော်ဆုံးကလေးတွေကို စနစ်တကျရွေးထုတ်ပြီး သူတို့ကို သူလျှိုတွေအဖြစ် ပြောင်းလဲပစ်တယ်။ သူတို့ ဒီလိုလုပ်ချင်ရဲ့လား ဆိုတာက အရေးမကြီးပါဘူး” ဟု ကင်က ဆက်ပြောပါတယ်။
Binance ကို ဖောက်ထွင်းမှုအတွက် မြောက်ကိုရီးယားမှာ တာဝန်ရှိတယ်လို့ အက်ဖ်ဘီအိုင် နဲ့ Binance တို့က ပြောကြပေမယ့်လည်း မြောက်ကိုရီးယားက ငြင်းဆိုပါတယ်။ အွန်လိုင်းငွေကြေးစီးဆင်းမှု စုံစမ်းစစ်ဆေးမှုလုပ်တဲ့ လုပ်ငန်းတွေကလည်း “TraderTraitor” လို့ သိရှိကြတဲ့ မြောက်ကိုရီးယား အဖွဲ့ က ဘီလီယံနဲ့ချီတဲ့ ငွေကြေးတွေကို ဖောက်ထွင်းယူဆောင်သွားတယ်လို့ ဆိုကြပါတယ်။
ငြင်းဆိုတာကလည်း သူတို့ဖန်တီးထားတဲ့ပုံစံတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဲလိုပြောဆိုမှုတွေဟာ လုပ်ကြံဖန်တီးထားတဲ့ နိုင်ငံရေးရန်စ လှုံဆော်မှုတွေ ဖြစ်တယ်ဆိုပြီး မြောက်ကိုရီးယားက နှစ်ပေါင်းများစွာ ပြောဆိုလာခဲ့ပါတယ်။
▪ စနစ်ကျနသော ရွေးချယ်မှု
မြောက်ကိုရီးယားနိုင်ငံက ၁၉၉၈ ခုနှစ်မှာ ဆိုက်ဘာယူနစ်တစ်ခုကို ထူထောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၃ ခုနှစ်မှာ ကင်ဂျုံအန် အာဏာရလာတော့ အဲဒီယူနစ်ကို အဆင့်မြှင့်တင်လိုက်ပြီး ဆိုက်ဘာကနေစစ်ဆင်နွှဲတာဟာ နျူးကလီးယားလက်နက်တွေနဲ့ ဒုံးကျည်တွေလိုပဲ နိုင်ငံရဲ့ တိုက်ခိုက်နိုင်စွမ်းကို ထက်မြက်စေတဲ့ ဘက်စုံသုံး ဓားတစ်လက်ဖြစ်တယ်ဆိုပြီး ကြေညာခဲ့ပါတယ်။
လူရွေးချယ်မှုကတော့ အလယ်တန်းကျောင်းမှာ အသက် ၁၁ နှစ် ၁၂ လောက်အထိ ငယ်တဲ့အရွယ်ကနေ စတင်ပါတယ်။ ကွန်ပျူတာသိပ္ပံဘာသာရပ်ကို သင်ယူဖို့ ကလေးငယ် ၁၅၀ ကနေ ၂၀၀ လောက်အထိ အာဏာပိုင်တွေက ရွေးချယ်တယ်လို့ အဲဒီလူငယ်တွေကို အရင်က လေ့ကျင့်ပေးခဲ့တဲ့ ကင်ဟောင်ကွမ်နဲ့ အိုင်တီလုပ်ငန်းမှာ လုပ်ကိုင်ခဲ့တဲ့ အခြား ဘက်ပြောင်းလာသူ ၂ ဦးက ပြောကြားပါတယ်။
သူတို့အသက် ၁၇ နှစ်လောက်ရှိလာချိန်မှာတော့ ထူးချွန်သူတွေကို မြောက်ကိုရီးယားရဲ့ အကောင်းဆုံးတက္ကသိုလ်တွေကို ပို့ပြီး ဆက်လက်လေ့ကျင့်ပေးပါတယ်။ နောက်ဆုံးမှာတော့ အထူးချွန်ဆုံးသူတွေကို ဟက်ကာတွေအဖြစ် စစ်တပ်ရဲ့ ဆိုက်ဘာတိုက်ခိုက်ရေးအဖွဲ့ဆီ ပို့ဆောင်တယ်လို့ သူတို့က ဆိုပါတယ်။
သူတို့ကို သမားရိုးကျ အဆင့်မြင့်သင်္ချာဘာသာရပ် နဲ့ နိုင်ငံခြားဘာသာရပ်တွေအပြင် ခရစ်ပ်တိုငွေကြေးလုပ်ထုံးလုပ်နည်းတွေနဲ့ နိုင်ငံခြားကွန်ပျူတာပစ္စည်းတွေကို တစ်စစီဖြုတ်ကြည့် လေ့လာတာမျိုးတွေကိုလည်း လေ့ကျင့်သင်ကြားပေးတယ်လို့ ဘက်ပြောင်းလာသူတွေထဲက တစ်ဦးက ဆိုပါတယ်။
ဟက်ကာဖြစ်မလာသူတွေကိုတော့ အဝေးရောက်အလုပ်အကိုင်တစ်ခုအနေနဲ့ နိုင်ငံခြားကုမ္ပဏီတွေအတွက် ဆော့ဖ်ဝဲလ် ဒါမှမဟုတ် အက်ပလီကေးရှင်း ရေးဆွဲ ထုတ်လုပ်ပေးသူတွေဖြစ်အောင် လေ့ကျင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။
“တောင်ကိုရီးယားက အတော်ဆုံးကျောင်းသားတွေက ဆေးပညာနဲ့ အခြားဂုဏ်သိက္ခာကြီးမားတဲ့ အလုပ်တွေကို လိုက်စားကြမှာဖြစ်ပေမယ့်လည်း မြောက်ကိုရီးယားကတော့ ထိပ်တန်းကျောင်းသားတွေကို နျူကလီးယားနဲ့ ဆိုက်ဘာ အစီအစဉ်တွေထဲကို ထည့်လိုက်ပြီး သူတို့အနာဂတ်ကို အာမခံချက်ပေးလိုက်တာ ဖြစ်ပါတယ်” လို့ Korea University ၊ ဆိုက်ဘာလုံခြုံရေးကျောင်းမှ ဂုဏ်ထူးဆောင်ပါမောက္ခ လင်ဂျွန်ဂင် က ပြောပါတယ်။
ဟက်ကာတွေအတွက် အခြားအထူးအခွင့်အရေးတွေကတော့ တရုတ်လို မဟာမိတ်နိုင်ငံတွေဆီ နိုင်ငံခြားခရီးသွားခွင့်လည်း ပါဝင်ပြီး အဲဒီမှာ သူတို့က အင်တာနက်လည်း လွတ်လပ်စွာ သုံးခွင့်ရကြပါတယ်။
အောင်မြင်တဲ့ ထိုးဖောက်မှုတွေအတွက် သူတို့ ဖောက်ထွင်းခိုးယူခဲ့တဲ့ အကျိုးအမြတ် ၃၀ ရာခိုင်နှုန်းအထိကို ဟက်ကာတွေရဲ့ စစ်ဘက်ယူနစ်က အမေရိကန်ဒေါ်လာနဲ့ ရရှိပြီး ပြုံယမ်းမြို့မှာ သူတို့မိဘတွေလည်း နေထိုင်နိုင်တဲ့ တိုက်ခန်းတွေလည်း ရရှိကြတယ်လို့ ကင်ဟောင်ကွမ် က ပြောပြပါတယ်။
“အောင်မြင်တဲ့ဆိုက်ဘာတိုက်ခိုက်ရေးသမားတွေကို ပြုံယမ်းမြို့မှာ အဆင့်မြင့်တိုက်ခန်းတွေပေးခဲ့တယ်ဆိုပြီး ပြောတာတွေလည်း ရှိပါတယ်” လင်ဂျွန်ဂင် ကလည်း ပြောပြီး တိုက်ခန်းတွေက စတုရန်းပေ ၁၄၂၀ အထိ ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။
အဲဒီလို စွမ်းဆောင်နိုင်သူတွေဟာ အာဏာရပါတီအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ရရှိသလို အထက်တန်းစားမိသားစုတွေထဲကို အိမ်ထောင်ပြု ဝင်ရောက်ခွင့်လည်း ရရှိကြတယ်လို့ ဘက်ပြောင်းလာသူတစ်ဦးက ဆိုပါတယ်။
ဒါပေမဲ့လည်း ဒါဟာ သေးငယ်တဲ့အုပ်စုဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ ဆိုက်ဘာတိုက်ခိုက်ရေး လုပ်ငန်းတွေမှာ လူပေါင်း ၈၄၀၀ လောက်ကို ခန့်အပ်ထားတယ်လို့ တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးဌာနက ၂၀၂၄ ခုနှစ် မှာ ခန့်မှန်းထားပါတယ်။
မြောက်ကိုရီးယားအစိုးရမီဒီယာတွေကလည်း ဟက်ကာတွေရဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို လူသိရှင်ကြား အောင်ပွဲခံတာတွေ မလုပ်ပါဘူး။ ဒါပေမဲ့ သူတို့က ကွန်ပျူတာပရိုဂရမ်မင်းဘာသာရပ်မှာ ထူးချွန်တဲ့ ကျောင်းသားတွေကိုတော့ ပုံမှန် အသားပေးဖော်ပြကြပါတယ်။
၂၀၁၅ ခုနှစ်မှာ မြောက်ကိုရီးယားက မြို့တော်ပြုံယမ်းမှာ Mirae Scientists Street ကို ဖွင့်လှစ်ခဲ့ပြီး အဲဒီနေရာ တည်ဆောက်မှုမှာ ခေါင်းဆောင်ကင်ဂျုံအန် အနီးကပ်ပါဝင်ပတ်သက်ခဲ့တယ်လို့ အစိုးရမီဒီယာက ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ ဟက်ကာတွေကို သိပ္ပံပညာရှင် ဒါမှမဟုတ် သုတေသီ လို့ တရားဝင်သတ်မှတ်ထားတယ်လို့ ဘက်ပြောင်းလာသူတစ်ဦးက ပြောပါတယ်။
▪ အစိုးရပါဝင်ပတ်သက်မှု အားသာချက်
မြောက်ကိုရီးယားနဲ့ဆက်စပ်တဲ့ အခြား ဟက်ကာအုပ်စုတွေထဲမှာ APT38 လို့လည်း သိရှိကြတဲ့ Lazarus Group လည်း ပါဝင်ပါတယ်။ သူတို့အုပ်စုက ၂၀၂၂ ခုနှစ်တုန်းက Ronin အွန်လိုင်းငွေကြေးကွန်ရက်ဆီကနေ အမေရိကန်ဒေါ်လာ သန်းနဲ့ချီတဲ့ ခရစ်ပ်တိုငွေကြေးတွေကို ခိုးယူသွားခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ TraderTraitor အဖွဲ့က Lazarus အုပ်စု နဲ့ ချိတ်ဆက်ထားတယ်လို့ FBI က ပြောပါတယ်။
နိုင်ငံတော်က ကျောထောက်နောက်ခံပေးထားတာဟာ မြောက်ကိုရီးယားဟက်ကာတွေကို ပိုပြီး အန္တရာယ်များစေသလို တွန်းလှန်ဖို့လည်း ပို၍ ခက်ခဲစေပါတယ်။ သူတို့က ဖောက်ထွင်းမှုတစ်ခုပြီးတစ်ခု ဆက်လုပ်နေလည်း နောက်ဆက်တွဲ အကျိုးဆက်ရင်ဆိုင်ရဖို့ မရှိတာကြောင့် သူတို့ရဲ့ မဟာဗျူဟာတွေကို ပိုပြီး ပြီးပြည့်စုံအောင် လုပ်နိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။
“မကြာခဏဆိုသလို ဆိုက်ဘာပြစ်မှုလောကမှာ အမှားတစ်ခု လုပ်လိုက်တာက ရဲတပ်ဖွဲ့ကနေ မင်းကို ဖမ်းဖို့ လုံလောက်တဲ့ အကြောင်းဖြစ်ပါတယ်” လို့ Chainalysis ကုမ္ပဏီမှ အာရှ-ပစိဖိတ် ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုများဌာန အကြီးတန်း မန်နေဂျာ အဲလက်ဇီဘရစ်က ပြောပါတယ်။
ဒါပေမဲ့လည်း မြောက်ကိုရီးယား ဟက်ကာတွေကတော့ အစိုးရအတွက် လုပ်ကိုင်ပေးနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က အောင်မြင်မှုတွေရပြီးရင်တောင် ဒါကို ဆက်လုပ်နေကြပါတယ် လို့ ဇီဘရစ်က ဆက်ပြောပါတယ်။
“မအောင်မြင်တာတွေဖြစ်ခဲ့ရင်လည်းပဲ သူတို့က ဆက်လုပ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့ကို အရေးယူဖို့ ခက်ခဲတာကြောင့် ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အနောက်ပိုင်းနည်းပညာကုမ္ပဏီတွေမှာ အဝေးရောက်အလုပ်တွေရပြီး ကင်ဂျုံအန် အစိုးရအတွက် ငွေကြေးရှာဖွေပေးနေတဲ့ မြောက်ကိုရီးယား အိုင်တီလုပ်သားတွေနဲ့ ထိတွေ့ဆက်ဆံဖူးတဲ့ တခြားအဖွဲ့တွေကတော့ သူတို့ဟာ စည်းကမ်းကြီးတယ်၊ ပြောဆိုဆက်ဆံမှုတွေမှာ ယဉ်ကျေးကြတယ်၊ အေအိုင်ကို အားတက်သရော အသုံးပြုသူတွေ ဖြစ်တယ်လို့ ပြောကြားကြပါတယ်။
“စစ်တပ်ထဲမှာ မြင်တွေ့ရတဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ရှိတာ သေချာပါတယ်။ အချိန်တိကျတယ်၊ ရှူးဖိနပ်တွေပြောင်လက်နေအောင်တိုတ်တာ၊ အလွန်ပဲ အစီအစဉ် တကျရှိပါတယ်” လို့ ယူကျူဘ်ကျွမ်းကျင်သူ Deeveeaar က ဆိုပြီး မြောက်ကိုရီးယား အိုင်တီလုပ်သားတွေ အလုပ်လုပ်နေတာကို စောင့်ကြည့်တဲ့ ကင်မရာတွေထဲ ခိုးဝင်ပြီး ကြည့်ဖူးတယ်လို့ သူက ဆိုပါတယ်။
“သူတို့ က အေအိုင်ကို အများကြီးအသုံးပြုတယ်လို့ ပြောတာဟာ မလုံလောက်ပါဘူး။ အေအိုင်က သူတို့စစ်ဆင်ရေးရဲ့ ကျောရိုးဖြစ်ပါတယ်” လို့ သူက ဆိုပြီး အေအိုင်တန်ဆာပလာ အများအပြားနဲ့ အတူ Claude Code ၊ Cursor နဲ့ ChatGPT အကောင့်တွေ ဝယ်သုံးတာကို သူက ထောက်ပြပါတယ်။
“သူတို့က အေအိုင်နဲ့ ကုတ်ရေးတယ်၊ ကိုယ်ရေးရာဇဝင်တွေကို ပြောင်းတယ်၊ အသစ်တွေရေးတယ်၊ စာရွက်စာတမ်းတွေ နဲ့ မှတ်ပုံတင်တွေကိုပါ အတုလုပ်ကြပါတယ်”
ဟက်ကာတွေက အလုပ်အင်တာဗျူးအတုအယောင် နဲ့ ကြော်ငြာတစ်ခုထဲမှာ ကွယ်ဝှက်ထားခဲ့တဲ့ ဆော့ဖ်ဝဲလ်တစ်ခုကို အသုံးပြုပြီး ဝန်ထမ်းတွေရဲ့ ကွန်ပျူတာတွေထဲ ထိုးဖောက်ခဲ့ပြီး နောက်တော့အတွင်းထဲက အေအိုင်တန်ဆာပလာတစ်ခုကို သုံးပြီး သူတို့က စနစ်တွေကို ထိန်းချုပ်လိုက်ကြတယ်လို့ Binance က ပြောပါတယ်။
၂၀၂၅ ခုနှစ်မှာ TraderTraitor အဖွဲ့ဟာ ChatGPT နဲ့ DeepSeek အကောင့်တွေကို ရယူသွားခဲ့ကြတယ်လို့ ကုလသမဂ္ဂ ၁၁ နိုင်ငံက တားဆီးပိတ်ပင်မှု စောင့်ကြည်ရေး အဖွဲ့တစ်ဖွဲ့က ပြောကြားပါတယ်။
▪ ခက်ခဲတဲ့ လုပ်ငန်းခွင်အခြေအနေ
ဒါပေမဲ့လည်း မြောက်ကိုရီးယားရဲ့ ထိပ်တန်းနည်းပညာလုပ်သားတစ်ဦး ဒါမှမဟုတ် ဟက်ကာတစ်ဦးရဲ့ ဘဝနေထိုင်မှုပုံစံကတော့ ပင်ပန်းဆင်းရဲတယ်၊ အထူးသဖြင့် မစ်ရှင်တစ်ခု အပ်နှင်းထားချိန် သို့မဟုတ် နိုင်ငံရပ်ခြား ပို့ထားခံရချိန်မှာ ပိုဆိုးတယ်လို့ အိုင်တီလုပ်သားဟောင်းတွေ နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ကျဉ်းမြောင်းတဲ့ နေရာလေးတွေမှာ နေထိုင်ရတာ၊ မကြာခဏဆိုသလို တစ်နေ့ကို ၁၀ နာရီ ကျော်လောက် အလုပ်လုပ်ရတာ၊ အမြဲတမ်းစောင့်ကြည့်ခံနေရတာနဲ့ တင်းကျပ်တဲ့ပစ်မှတ်တွေဟာ မကောင်းတဲ့အချက်တွေ ဖြစ်တယ်လို့ အစီရင်ခံစာတစ်ခု အတွက် ပြီးခဲ့တဲ့နှစ်မှာ PSCORE အခွင့်အရေးအဖွဲ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာ အိုင်တီလုပ်သားဟောင်းတွေက ပြောပြခဲ့ကြပါတယ်။
“ငွေတွေ ဆက်ရှာနေဖို့ ဖိအားတွေ အမြဲတမ်းရှိနေပါတယ်” လို့ PSCORE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ နမ်ဘာဒါက ဆိုပါတယ်။ “ဖိစီးမှုတွေ အရမ်းများတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြောင့် လူတွေမှာ အရင်ကမရှိခဲ့တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာတယ်”
အိုင်တီလုပ်သားတွေဟာ လစဉ်သတ်မှတ်ထားတဲ့ ဒေါ်လာငွေ ပစ်မှတ်တွေကို မရောက်ရင် အနှိမ်ခံရတာနဲ့ အခြား ဒဏ်ခတ်မှုတွေကို ရင်ဆိုင်ရတယ်လို့ နမ်ဘာဒါက ဆိုပါတယ်။
သို့ဆိုပေမဲ့လည်း သူတို့က ပိုတော်လာပြီး ရည်မှန်းချက်ပိုကြီးလာတာနဲ့အမျှ ဟက်ကာတွေရဲ့ အောင်မြင်မှုတွေကနေပြီး မြောက်ကိုရီးယား ခေါင်းဆောင်ကို ပိုပြီးရဲတင်းလာစေခဲ့တယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောကြပါတယ်။
“ပိုကြီးတဲ့အကောင်တွေနောက်လိုက်တယ် လို့ ကျနော်တို့ ခေါ်ကြတဲ့ဘက်ကို သူတို့ပိုပြီး ယိမ်းလာတာကို ကျနော်တို့ ပိုပိုပြီး တွေ့လာရပါတယ်” လို့ ဇီဘရစ်က ဆိုပါတယ်။
“ဒါကြောင့်လည်း သူတို့က ပိုပြီးကြီးမားတဲ့ ငွေတိုက်ကို ပိုင်ဆိုင်ပြီး သူတို့အတွက်လည်း ပိုပြီး မြိုးမြိုးမြက်မြက်ဖြစ်မယ့် အဖွဲ့အစည်းကြီးတွေကို ပစ်မှတ်ထားလာကြပါတယ်။ ပိုပြီး ခက်ခဲတဲ့ ပစ်မှတ်တွေလည်း ဖြစ်ပါတယ်” ဟု သူက ဖြည့်စွက်ပြောပါတယ်။
“ဒါပေမဲ့လည်း Binance ဖြစ်စဉ်မှာ မြင်တွေ့ရသလို အကျိုးအမြတ်က တစ်ကယ်ပဲ သူတို့အချိန်ပေးရကျိုးနပ်ပါတယ်”
Reuters
#MeKongNews








