ဒင်းဒင်း
တရုတ်စစ်တပ်ဟာ ဒီသီတင်းပတ်ထဲမှာပဲ လာအိုနိုင်ငံရှိ လေဆိပ်တစ်ခုမှာ သယ်ယူပို့ဆောင်ရေးစင်တာ နဲ့ လေ့ကျင့်ရေးစခန်းတစ်ခုကို ဖွင့်လှစ်လိုက်ပြီး သူတို့ရဲ့ ဒေသတွင်းလုံခြုံရေးခြေရာကို တိုးချဲ့လိုက်ရင်း တရုတ်လေတပ်ရဲ့ ပထမဆုံး ပြည်ပစခန်းတစ်ခုကို ထူထောင်လိုက်ပါတယ်။
တရုတ်-လာအိုစစ်ဘက်ပူးတွဲထောက်ပံ့ရေးနဲ့လေ့ကျင့်ရေး စင်တာကို စက်တင်ဘာ ၂၉ ရက်မှာ စတင်ဖွင့်လှစ်လိုက်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပြီး အဲဒီအခမ်းအနားကို လာအိုကာကွယ်ရေးဝန်ကြီး ခမ်လီယန်းအူသာကေဆုန်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တက်ရောက်ခဲ့ပါတယ်။
မြို့တော် ဗီယင်ကျန်းမြောက်ဘက် ၅၀ ကီလိုမီတာခန့် အကွာမှာရှိတဲ့ ဘန်ကွမ်လေဆိပ်မှာ အခြေစိုက်ထားတဲ့ စင်တာမှာ တရုတ် – လာအို ချစ်ကြည်ရေး လေကြောင်းအကယ်ဒမီလည်း ပါဝင်ပါတယ်။
နှစ်နိုင်ငံစလုံးက အတူတကွ ပြုပြင်ထိန်းသိမ်း လည်ပတ်မယ့် စင်တာဟာ လာအိုက သူတို့ရဲ့ လေယာဉ်မှူးတွေကို လေ့ကျင့်ပေးရာမှာ အားဖြည့်ကူညီဖို့ဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောပေမယ့်လည်း အဲဒီလေဆိပ်မှာ ထားရှိမယ့် လူပုဂ္ဂိုလ် နဲ့ ကိရိယာတွေ အကြောင်းကို အသေးစိတ်မပြောပါဘူး။
အဲဒီစင်တာကို တည်ဆောက်တာနဲ့ အသုံးပြုတာက တရုတ် နဲ့ လာအိုနိုင်ငံကြားက နှစ်ဖက်အပြန်အလှန်လေးစားမှု ၊ တန်းတူတိုင်ပင်ဆွေးနွေးမှုကို ထင်ဟပ်ပြီး နှစ်နိုင်ငံစလုံးရဲ့ ပြည်တွင်းဥပဒေတွေ သက်ဆိုင်ရာနိုင်ငံတကာဥပဒေ နဲ့ အများသုံး ကျင့်ထုံးတွေနဲ့ ကိုက်ညီတယ်လို့ ထုတ်ပြန်ချက်က ဆက်ပြောပါတယ်။
ဒါ့အပြင် ဒါဟာ လက်တွေ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးကို မြှင့်တင်တာဖြစ်ပြီး ကြားလူ ဘယ်သူ့ကိုမှ ဦးတည်မထားဘူးလို့လည်း ဆိုပါတယ်။
ဘန်ကွမ်းစခန်းအပေါ် ဂြိုဟ်တုက ပုံရိပ်တွေမှာတော့ ကျယ်ပြန့်တဲ့ လေယာဉ်ကွင်းတစ်ခုပါဝင်တာကိုလည်း ပြသနေပါတယ်။ ရိုက်တာ သတင်းဌာနရဲ့ အဆိုအရ ဆိုရင် လေဆိပ်အသစ်ကို ၂၀၂၅ ခုနှစ် နှောင်ပိုင်းမှာ စတင်ခဲ့ပြီး စက်တင်ဘာ အစောပိုင်းအထိတောင် ဆက်လုပ်နေခဲ့တယ်လို့ ဆိုတယ်။ လယ်ကွင်းစိမ်းတွေနေရာမှာ ကြီးမားတဲ့ လေယာဉ်ပြေးလမ်း၊ သူနဲ့အပြိုင် လေယာဉ်တွေကို ဆွဲသွားနိုင်တဲ့ လမ်းတစ်ခု လေဆိပ်ဉပစာတို့ကို အဆောက်အဦးသစ်တွေနဲ့အတူ မြင်တွေ့ရတယ်လို့ ရိုက်တာက ရေးပါတယ်။
အဲဒီလေဆိပ်ကို Lima Site 44 လို့ ခေါ်တဲ့နေရာမှာရှိတဲ့ လေယာဥ်ကွင်းနေရာမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီကွင်းက ဗီယက်နမ်စစ်ပွဲအတွင်း ကွန်မြူနစ်တွေကို ဆန့်ကျင်တဲ့ ‘မှုန်’ လူမျိုး သူပုန်တွေကို အမေရိကန်က လျှို့ဝှက်ထောက်ပံ့ခဲ့ချိန်မှာ အမေရိကန်စစ်တပ်နဲ့ စီအိုင်အေတို့က အသုံးပြုခဲ့တဲ့ လေယာဥ်ပြေးလမ်းကွန်ရက်ထဲမှာ ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း လေယာဥ်ကွင်းသစ်က ဗီယက်နမ်စစ်ပွဲတုန်းက တည်ဆောက်ခဲ့တဲ့ ခပ်ကျဥ်းကျဥ်း မြေနီ ပြေးလမ်းထက် များစွာကျယ်ပြန့်နေတာကို ပြသနေပါတယ်။
PLA ဟာ ၂၀၁၇ ခုနှစ်က ဂျီဘူတီနိုင်ငံမှာ သူတို့ရဲ့ ပထမဆုံး နိုင်ငံခြားစစ်စခန်းကို ဖွင့်လှစ်ခဲ့ပြီးနောက် အခုအချိန်မှာ PLA က လုပ်ကိုင်နေတဲ့ နိုင်ငံရပ်ခြား စခန်း လေး၊ ငါးခုမှာ ဒီစခန်းလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ ထိုင်းပင်လယ်ကွေ့ မှာရှိပြီး ကမ္ဘောဒီးယား ရီအမ်ရေတပ်စခန်းမှာ ထူထောင်ထားတဲ့ အလားတူ လေ့ကျင့်ရေးနဲ့သိုလှောင်ဖြန့်ဖြူးရေး စင်တာကိုလည်း အားဖြည့် ပေးပါတယ်။ မီတာ ၃၀၀ ရှည်လျားတဲ့ ရေနက်ဆိပ်ခံ၊ တန် ၅၀၀၀ ခြောက်သွေ့ သင်္ဘောကျင်းနဲ့ တန် ၁၀၀၀ လွန်းကျင်းတွေပါပြီး တရုတ် ငွေကြေးနဲ့ ၃ နှစ်ကြာတည်ဆောက်ပြီးနောက်မှာ ဝန်ကြီးချုပ် ဟွန်မာနက်က ၂၀၂၅ ဧပြီလမှာ ရီအမ်စခန်းစင်တာကို တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။ ရီအမ်စခန်းမှာ တရုတ်ပါဝင်ပတ်သက်မှုကနေပြီး အဲဒီ စခန်းဟာ တဖြည်းဖြည်းနဲ့ တင်းပြည့်ကျပ်ပြည့် တရုတ်စစ်စခန်း အဖြစ်ပြောင်းလဲသွားလိမ့်မယ်ဆိုတဲ့ အနောက်တိုင်း အထူးသဖြင့် အမေရိကန် အရာရှိတွေရဲ့ သံသယတွေ ရှိလာပါတယ်။ ကမ္ဘောဒီးယားကတော့ ဂျပန်၊ ဗီယက်နမ်နဲ့ အမေရိကန် အပါအဝင် နိုင်ငံခြားတပ်ဖွဲ့တွေကို အဲဒီစခန်းဆီ အလည်အပတ် ဖိတ်ခေါ်ပြီး အနောက်တိုင်းရဲ့ စိုးရိမ်မှုတွေကို ခြေဖျက်ဖို့ ကြိုးစားပါတယ်။
လာအိုနိုင်ငံက စစ်စခန်းဟာ ရီအမ်စခန်းနဲ့ မတူဘဲ ဂျီဘူတီနိုင်ငံမှာရှိတဲ့ စစ်စခန်းနဲ့ ပိုပြီးဆင်တူတယ်၊ ဒါဟာ PLA ရဲ့ ပထမဆုံး တင်းပြည့်ကျပ်ပြည့်အရှေ့တောင်အာရှ စစ်စခန်းကြီးလို့ ပြောရင် မမှားနိုင်ဘူးလို့ စင်္ကာပူနိုင်ငံ S. Rajaratnam School of International Studies မှ ပညာရှင် ကောလင်းခို က X လူမှုကွန်ရက်မှာ ရေးပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း လာအိုနိုင်ငံမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု မြန်မြန်ဆန်ဆန် မြင့်တက်ခဲ့တာကို ထောက်ရင် ဘန်ကွမ်က ဖြစ်ပေါ်တိုးတက်မှုတွေဟာ အံ့အားသင့်စရာ မရှိဘူး လို့လည်း ဆိုနိုင်ပါတယ်။ အဲဒီကာလအတွင်း လာအို မြောက်ပိုင်းက တရုတ်တောင်ပိုင်းနဲ့ ခွဲခြားမရ ဖြစ်လာခဲ့ပြီး အဝေးပြေးလမ်းမသစ်ကြီးတွေနဲ့ တရုတ်ကဆောက်ထားတဲ့ အထင်ကြီးစရာ ရထားလမ်းကြီးက ကုန်းတွင်း သွားလာမှုတွေကို ပိုပြီး လွယ်ကူသွားစေပါတယ်။ လာအိုရဲ့ ဒေသအများစုမှာ တရုတ် ရင်းနှီးမြုပ်နှံမှုတွေကို အထင်းသားမြင်နိုင်သလို မြို့တော်ဗီယင်ကျန်းနဲ့ မြောက်ပိုင်းမြို့နယ်တွေမှာလည်း တရုတ်လူမျိုးအများအပြား ရောက်ရှိနေတာကို တွေ့နိုင်ပါတယ်။
ကာကွယ်ရေးဆက်ဆံမှုက နောက်မှ တဖြည်းဖြည်းလိုက်လာတာ ဖြစ်ပါတယ်။ ဒါကလည်း ၁၉၆၀ ၊ ၁၉၇၀ ပြည့်နှစ် ကွန်မြူနစ်တော်လှန်ရေးကာလတွေကတည်းက လာအိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တဲ့ လာအိုရဲ့ အစဉ်အလာ ကာကွယ်ရေးအားပေးထောက်ခံသူ ဗီယက်နမ်ရဲ့ ထိလွယ်ရှလွယ်ရှိမှုများကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဇွန်လမှာတော့ လာအိုသမ္မတ သောင်လောင်ဆီဆိုလစ်သ်က ပေကျင်းမြို့ကို သွားရောက်လည်ပတ်ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ အစည်းအဝေးတွေလုပ်ပြီး နှစ်ဖက်ကြား ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။
ဘန်ကွမ်ဒေသ စစ်စခန်းဟာ သေးငယ်ပြီးခေတ်နောက်ကျနေတဲ့ ရုရှားနဲ့ ရုရှားလေယာဥ်တွေကိုသာ ပျံသန်းနေတဲ့ လာအို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်ကို လေယာဥ်မှူးတွေ၊ ပြုပြင်ထိန်းသိမ်းရေးနဲ့ အခြားလေယာဥ်အဖွဲ့သားတွေအတွက် စည်းစနစ်ကျတဲ့ လေကျင့်မှုတွေ ပံ့ပိုးပေးဖို့နဲ့ ဒါမှသာ နိုင်ငံရပ်ခြားလေ့ကျင့်မှုတွေ အပေါ် အားကိုးနေရတာကို လျှော့ချနိုင်မယ်လို့ တရုတ်လုံခြုံရေး ဆန်းစစ်သူတစ်ဦးက အစိုးရပိုင် ဂလိုဘယ်တိုင်းမ်စ် သတင်းစာကို ပြောပါတယ်။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဆ်ိုရင် အဲဒီစခန်းကြောင့် စစ်တပ် ၂ ခုကြားမှာ လက်တွေ့ကျတဲ့ ဖလှယ်မှုတွေ ပိုပြီးနက်ရှိုင်းလာပြီး ရိုရိုးတန်းတန်း ပစ္စည်း အကူအညီ ပေးနေတာကနေ လေ့ကျင့်မှု၊ ပူးတွဲလေ့ကျင့်မှု နဲ့ စစ်အသုံးအဆောင်တွေ ထောက်ပံ့ပေးရာမှာ ရေရှည် ပေါင်းစပ်ပူးပေါင်းဆောင်ရွက်မှုဆီ အဆင့်မြှင့်တင်နိုင်မယ်လို့ သူက ဆိုပါတယ်။
သူပြောတဲ့အထဲမှာအထူးခြားဆုံးကတော့ ဘန်ကွမ်လေတပ်စခန်းနဲ့ ရီအမ်ရေတပ်စခန်းကို နှိုင်းယှဥ်ပြသွားတာ ဖြစ်နိုင်ပြီး စခန်းနှစ်ခုကို ပေါင်းလိုက်ရင် သူတို့က အင်ဒိုချိုင်းနား ကျွန်းဆွယ်မှာ ကုန်းတွင်းလေပိုင်နက်နဲ့ ထိုင်းပင်လယ်ကွေ့ ရေလမ်းကြောင်းကို လွှမ်းခြုံထားတယ်လို့ သူက မှတ်ချက်ပြုပါတယ်။
အဲဒီနေရာ နှစ်ခုစလုံးမှာ သူတို့က အပြန်အလှန်လေးစားမှုအပေါ် အခြေခံထားတယ်၊ ဘယ်တတိယနိုင်ငံကိုမှ ဦးတည်မထားဘူးလို့ တရုတ်စစ်ဘက်က အလေးထား ပြောပါတယ်။ မည်သို့ပင် ဆိုစေကာမူ ဘန်ကွမ်စခန်းက အရှေ့တောင်အာရှဒေသရဲ့ မဟာဗျူဟာမြောက် မြေပုံကို ပြောင်လဲသွားစေနိုင်တဲ့ အလားအလာ ရှိပြီး လာအိုနဲ့ ကမ္ဘောဒီးယားကို ဗီယက်နမ်ရဲ့ ဩဇာစက်ကွင်းကနေ ဝေးရာကို ဆွဲထုတ်နိုင်ပါတယ်။
ကမ္ဘောဒီးယားနဲ့ အရှေ့တောင်အာရှမှာ တရုတ်စစ်ဘက်ရဲ့ တိုးချဲ့ နေရာယူမှု ရှိနေချိန်မှာပဲ ဘန်ကွမ်စခန်းဟာ လာအိုနိုင်ငံမှာ တရုတ်စစ်ဘက်ရဲ့ ပိုမို ခိုင်မြဲတဲ့ ခြေကုပ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ အထူးသဖြင့် ဗီယက်နမ်အတွက် စိုးရိမ်စရာအကြောင်း ဖြစ်လာနိုင်တယ်လို့ စင်ကာပူနိုင်ငံ ISEAS-Yusof Ishak Institute မှ ဧည့်ပညာရှင် ငုရင် ခက်ဂီယန်းက ဘလွန်းဘာ့ဂ် သတင်းဌာနကို ပြောကြားသည်။
“အဲဒီဖြစ်ပေါ် တိုးတက်မှုတွေက ဗီယက်နမ်အနီးတဝိုက် မဟာဗျူဟာမြောက် လမ်းကြောင်းတွေအပေါ် ပေကျင်းကို ကြီးမားတဲ့အသာစီးရမှု ပေးအပ်သွားနိုင်ပါတယ်။ ပြဿနာဖြစ်လာခဲ့ရင် ဗီယက်နမ်ရဲ့ ဆုတ်တက်လှုပ်ရှားနိုင်မှုကို စောင့်ကြည့် ထိန်းချုပ်နိုင်စွမ်း လုပ်နိုင်ခြေအပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်လာပါတယ်” လို့ ဂီယန်းက ဆက်လက် ပြောကြားပြီး ဘန်ကွမ်စခန်းကို ဘယ်လို အသုံးချသွားမလဲ ဆိုတဲ့အပေါ် များစွာ မူတည်သွားလိမ့်မယ် လို့ သူက ဆိုပါတယ်။
လာအိုနိုင်ငံမှာ စခန်းသစ် ဖွင့်လှစ်တာနဲ့ပတ်သက်လို့ ဗီယက်နမ်ကတော့ တရားဝင် မှတ်ချက် ပေးတာမရှိသေးပါဘူး။
The Diplomat








