မဲခေါင်၊ စက်တင်ဘာ ၃၀
မိုင်းတုံ-မိုင်းဆက်ဒေသမှ တာချီလိတ်မြို့နယ်သို့ တင်ဆောင်လာသည့် ရာဘာတင်ကား ၂ စီးကို တာချီလိတ်မြို့အဝင်တွင် ဖမ်းဆီးကာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈)ဖြင့် အမှုဖွင့်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ တာချီလိတ်ခရိုင်အဖွဲ့စုံ၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း တောင်သူများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။
စက်တင်ဘာလ ၂၅ ရက် ညပိုင်းက ဟွေရဲဂိတ်အကျော်တွင် ဖမ်းဆီးရမိသည့် ယင်းရာဘာတင် ကား ၂စီးမှာ မိုင်းတုံ-မိုင်းဆက်ဒေသထွက် ရာဘာများကို တာချီလိတ်မြို့ရှိ ရာဘာစက်ရုံများ၌ ရောင်းချရန်သယ်ဆောင်လာခြင်းဖြစ်ပြီး ဒေသထွက်ကုန်ဖြစ်သည့် ထောက်ခံချက်လည်းပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း တာချီလိတ်မြို့တွင်သာ ရောင်းချမြဲဖြစ်ပြီး အထောက်အထားများလည်း ခိုင်လုံစွာရှိကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
“ပို့ကုန်သွင်းကုန်နဲ့ အမှုဖွင့်ဖို့က နယ်လုံဝန်ကြီးက အမိန့်ပေးတာ မဟုတ်ဘူးလို့ အခု ပြန်သိရတာပေါ့။ ခရိုင်အဖွဲ့စုံက ဆုံးဖြတ်လိုက်တာ။ အခုကတော့ ကားရော၊ ရာဘာရော၊ မောင်းတဲ့လူတွေရော အဖမ်းခံထားရတော့ အမြန်ဆုံး ပြန်လွတ်လာဖို့ မျှော်လင့်နေကြတယ်။ အခုတော့ နယ်လုံဝန်ကြီးလည်း တောင်သူတွေဘက်က အများကြီးကူညီပေးနေတယ်လို့ သိရပါတယ်” ဟု ၎င်းကပြောသည်။
ရာဘာများမှာ မိုင်းတုံ-မိုင်းဆက်ဒေသအတွင်းစိုက်ပျိုးပြီး တာချီလိတ်မြို့ရှိ ရာဘာစက်ရုံများတွင် ရောင်းချရန် စက်တင်ဘာလ ၂၃ရက်က မိုင်းတုံမြို့မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၅ရက် ညပိုင်း တာချီလိတ်မြို့အဝင် ဟွေရဲဂိတ်အကျော်တွင် စ.စ.စ ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ယင်းဖမ်းဆီးခံရသည့် ရာဘာများမှာ တောင်သူ ၅ဦးခန့်ပိုင်သည့် ရာဘာများဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ၂၀၀ ခန့်ရှိကြောင်း၊ လက်ရှိတင် ရာဘာ၊ ကုန်ကားနှင့် ယာဉ်မောင်းများ အားလုံးအဖမ်းခံထားရသည့်အတွက် များစွာ အခက်အခဲဖြစ်နေရကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#ရှမ်းအရှေ့
#ရာဘာစက်ရုံ
#ရာဘာ
#မိုင်းတုံ








