မဲခေါင်၊ စက်တင်ဘာ ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် SSPP တို့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး TNLA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်တွင် သေဆုံးသူတစ်ဦးလျှင် ကျပ်သိန်း ၂၀ ဖြင့် SSPP က မိသားစုထံ လျော်ကြေးပေးခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါပစ်ခတ်မှုသည် စက်တင်ဘာ ၂၆ ရက် ညပိုင်းက ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု မင်းကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် မိုင်းဘဉာဏ်နှင့် အသက် ၃၉ နှစ်အရွယ် မိုင်းအမိုး ဆိုသူ ဒေသခံ TNLA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူများ၏ မိသားစုဝင်များနှင့် ဒေသခံများက ပစ်ခတ်မှုတွင် ပါဝင်သူများကို ဖော်ထုတ်အရေးယူပေးရန် လိုလားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
“ဘယ်ဘက်က ဘယ်သူပစ်တယ်ဆိုတာထက် လူနှစ်ယောက် သေဆုံးသွားတာက မိသားစုတွေအတွက် အရမ်းနစ်နာပါတယ်။ ဖြစ်စဉ်မှာ တာဝန်ရှိသူကို သေချာဖော်ထုတ်ပြီး အရေးယူပေးစေချင်ပါတယ်” ဟု ဖြစ်စဉ်ကို သိရှိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စက်တင်ဘာ ၂၆ ရက်တွင် မင်းကုန်းကျေးရွာသို့ SSPP တပ်ဖွဲ့ဝင်များက ပြည်သူတွေ့ဆုံပွဲ ပြုလုပ်ရန် ရောက်ရှိလာစဉ် TNLA တပ်ဖွဲ့ဝင်က ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးသည်ဟုဆိုကာ အချင်းများမှုဖြစ်ပွားပြီး SSPP က သေနတ်ဖြင့်ပစ်ခတ်လိုက်သဖြင့် TNLA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
“SSPP က လျော်ကြေးသဘောမျိုးနဲ့ သေဆုံးသူရဲ့ မိသားစုတွေကို သိန်း ၂၀ စီ ပေးပါတယ်။ လူထုကတော့ ပစ်တဲ့သူကိုလည်း အရေးယူစေချင်တဲ့ ဆန္ဒရှိတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် TNLA တပ်ဖွဲ့ဝင် ၂ ဦးအတွက် ညှိနှိုင်းဖြေရှင်းရန် နှစ်ဖက်တပ်များအကြား ဆွေးနွေးနေသော်လည်း အသေးစိတ်အချက်အလက်များကို နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။
SSPP နှင့် TNLA တို့သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ -FPNCC အဖွဲ့ဝင် မဟာမိတ်များဖြစ်သော်လည်း နှစ်ဖက်အကြား သဘောထားကွဲလွဲမှုများ စိုးမိုးနယ်မြေ ထပ်နေမှုများကြောင့် ထိတွေ့ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင်လည်း ကျောက်မဲမြိုႉနယ်၊ ဟူးဆွန်တောင်တွင် TNLA နှင့် SSPP အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ဖူးပြီး အဆိုပါဖြစ်စဉ်တွင်လည်း TNLA တပ်ဖွဲႉဝင် ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။
#MeKongNews
#TNLA
#SSPP
#ပစ်ခတ်မှု
#သေဆုံးမှု
#သိန်းနှစ်ဆယ်
#လျော်ကြေးပေး








