မဲခေါင်၊ စက်တင်ဘာ ၃၀
တောင်ကြီးမြို့နယ်၊ နောင်ကားဒေသခံ ၃ ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်းခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
နောင်ကားဒေသ ဖောင်မူးကျေးရွာ၊ မဉ်နိုးကျေးရွာမှ ဒေသခံ ၃ ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ PNO ပြည်သူ့စစ်က စက်တင်ဘာလ တတိယပတ်အတွင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းဒေသခံ ၃ ဦးကို PNO က ဖမ်းဆီးပြီးနောက် နောင်ပစ်ကျေးရွာရှိ PNO မြေအောက်ခန်းထောင်ထဲသို့ ပို့ဆောင်ခဲ့သည်ဟု သတင်းရင်းမြစ်ကပြောသည်။
“ဟုတ်တယ် ဖမ်းသွားပြီးတော့ တစ်ယောက်ကို သိန်း ၃၀ နဲ့ ပြန်ရွေးရတယ်။ ယာမရှူလို့တဲ့ ။ အစည်းအဝေးမှာ ပြောတာက ငွေနဲ့ပေးမရွေးဘူး ထောင်ချမယ် အကျင့်ပြင်ရမယ်လို့ပြောတယ်။ အခုတကယ်ဖြစ်နေတာကတော့ ဗိုလ်ကြီး ဗိုလ်မှူးတွေ ငွေရှာဖို့ဖြစ်သွားတယ်”ဟု နောင်ကားဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်လတွင်လည်း PNO ပြည်သူ့စစ်သည် နောင်ကားဒေသတွင် ယာမဆေးရှူသည်ဟုဆိုကာ ဒေသခံ နှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄၀ နီးပါးကို ဖမ်းဆီးအရေးယူခဲ့ဖူးသည်။ ထိုအရေးယူမှုအတွင်း ယာမဆေးရှူသည့် ဒေသခံများကို တစ်ဦး သိန်း ၂၀ ကျပ်ဖြင့် ပြန်ရွေးခိုင်းပြီး ယာမဆေးရှူသည့် PNOပြည်သူ့စစ်တပ်ဖွဲ့ဝင်များကိုမူ တုတ်ဖြင့်အကြိမ် ၂၀ ရိုက်နှက်ခဲ့သည်။
“ယာမဆေးရောင်းတဲ့သူတွေကိုတော့ ပြင်းပြင်းထန်ထန် အရေးယူစေချင်တယ်။ ထောင်ချစေချင်တယ်။ သုံးစွဲသူကိုတော့ ဆေးဖြတ်ပေးတာမျိုး၊ ပညာပေးတာမျိုး စနစ်တကျလုပ်စေချင်တယ်။ ဆေးသုံးသူတွေရဲ့ အားနည်းချက်ကိုနင်းပြီး ဗိုလ်တွေ ချမ်းသာသွားတဲ့ ငွေတောင်းစားတာမျိုးကျတော့ ဘာထူးတော့မှာလဲ” ဟု နောင်ကားဒေသခံတစ်ဦးက ပြောဆိုထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်တွင် PNO အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်ရာတွင် ဒဏ်ငွေဆောင်ခိုင်းခြင်းများ ပြုလုပ်မည်မဟုတ်ဘဲ သံခြေကျင်းခတ်ကာ PNO ထောင်တွင် ပြစ်ဒဏ်ပေးမည်ဟု ထုတ်ပြန်ထားသည်။
#MeKongNews
#ပြည်သူ့စစ်
#PNO
#ဒေသခံ
#သိန်းသုံးဆယ်
#ပြန်ရွေး








