မဲခေါင်၊ စက်တင်ဘာ ၂၉
အဓိပ္ပါယ်ပြည့်ဝသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ် မပေါ်ပေါက်မီကာလအတွင်း NCA ညှိနှိုင်းဆွေးနွေးစဉ်ကာလကဲ့သို့ သက်ဆိုင်သူများ အပြန်အလှန်တွေ့ဆုံဆွေးနွေးနိုင်သည့် အခင်းအကျင်းမျိုး ဆောင်ရွက်လိုကြောင်း RCSS ဦးဆောင်သည့် 7 EAO Alliance က ပြောသည်။
7 EAO Alliance နှင့် စစ်ကောင်စီဆွေးနွေးရေးအဖွဲ့-NSPNCတို့ ယနေ့ ရန်ကုန်တွင် တွေ့ဆုံမှုအတွင်း RCSSအတွင်းရေးမှူး ၁ နှင့် 7 EAO Alliance ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
“အများလက်ခံနိုင်တဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရုပ်လုံးမပေါ်သေးမီ အချိန်ကာလအထိ တွေ့ဆုံဆွေးနွေးရေးကို NCAစာချုပ် ညှိနှိုင်းဆွေးနွေးစဉ်ကာလကဲ့သို့ ဆွေးနွေးခြင်းအခင်းအကျင်းမျိုးအား မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လိုတဲ့ သဘောထားရှိကြောင်း အသိပေးလိုပါတယ်”ဟု ဗိုလ်မှူးကြီးစိုင်းငင်းကပြောသည်။
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် 7 EAO Alliance တို့သည် တတိယအကြိမ် ဆွေးနွေးမှုအဖြစ် စက်တင်ဘာ ၂၉ ရက်နှင့် စက်တင်ဘာ ၃၀ ရက် ၂ ရက်တိုက်တိုင် ရန်ကုန်မြို့တွင် တွေ့ဆုံနေသည်။
7 EAO Alliance က စစ်ကောင်စီ၏ NSPNC နှင့် တွေ့ဆုံနေသည့် လက်ရှိအချိန်သည် စစ်ကောင်စီက ရခိုင်၊ ကရင်နီ၊ ရှမ်း၊ ကချင်တို့တွင် အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ပြီး တစ်ရက်အကြာတွင်ဖြစ်သည်။
သို့သော် တွေ့ဆုံမှုအတွင်းတွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး 7 EAO Alliance အဖွဲ့က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းများ မတွေ့ရပေ။
7 EAO Alliance အဖွဲ့ကို RCSS၊ ALP၊ DKBA၊ LDU စသည့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဖြင့် ဖွဲ့စည်းထားပြီး စစ်ကောင်စီနှင့်ပုံမှန်တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
#MeKongNews
#ငြိမ်းချမ်းရေး
#ဆွေးနွေးလို
#ညှိုနှိုင်း
#အခင်းအကျင်း








