မဲခေါင်၊ စက်တင်ဘာ ၂၉
တာချီလိတ်အခြေချ စစ်ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းမှာ စစ်ကိုင်းအခြေစိုက် တပ်မ (၃၃) သို့ ဒုတပ်မမှူးအဖြစ် ပြောင်းရွှေ့ရမည်ဖြစ်ပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ် (တသခ)မှ ဗိုလ်မှူးကြီး ကျော်မိုးအောင်မှာ တာချီလိတ်ဗျူဟာမှူးအဖြစ် ရောက်ရှိမည်ဖြစ်ကြောင်း တြိဂံတိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
တာချီလိတ် ချစ်ကြည်ရေး တံတား (၁)မှ ဒေသတွင်းသုံး စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းမှုကို ဖမ်းဆီးသည့်အတွက် မြို့ခံများမှ ဝေဖန်မှု အကြီးအကျယ်ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ ဗျူဟာမှူး ပြောင်းရွှေ့ခံရသည့်အတွက် ယင်းကိစ္စကြောင့် ဖြစ်နိုင်သည်ဟု သတင်းရင်းမြစ်က သုံးသပ်သည်။
“လူတွေ အကြီးအကျယ်ဒုက္ခရောက်သွားတော့ အဲဒီဂယက်က တော်တော်ကြီးတယ်။ အခုက ဗျူဟာမှူး ပြောင်းပြီဆိုရင် G2 ညီညီအောင်သွေးပဲကျန်တော့တယ်။ ကာစတန် (အကောက်ခွန်) တွေလည်း ကျန်သေးတယ်” ဟု ၎င်းက ပြောသည်။
တပ်မ (၃၃) မှာ စစ်ကိုင်းအခြေစိုက် တပ်မတစ်ခုဖြစ်ပြီး လတ်တလောတွင် စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင် ရှေ့တန်းထွက်နေရသည့် တပ်မတစ်ခုဖြစ်သည်။
#MeKongNews
#တာချီလိတ်
#စစ်ဗျူဟာ
#တြိဂံဒေသတိုင်း
#တပ်မ၃၃








