မဲခေါင်၊ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဝမ်ကျောက်လုံကျေးရွာရှိ Eastern Platinum ရာဘာစက်ရုံကို ကျောက်မီးသွေး အသုံးပြုမှုကြောင့် မီးခိုးထွက်ရှိခြင်းနှင့် ရာဘာကုန်ကြမ်းများမှ အနံ့ဆိုးများ ထွက်ပေါ်ခြင်းအပေါ် ဒေသခံများက တိုင်ကြားမှုများ ရှိခဲ့သဖြင့် သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးပြီး ယာယီရပ်နားရန် ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။
စက်ရုံကို စက်တင်ဘာ ၂၂ ရက် ည ၈ နာရီမှစတင်၍ ယာယီရပ်နားထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စက်ရုံတာဝန်ရှိသူများ၏ ပြောကြားချက်အရ စက်ရုံတွင် လုပ်သား ၄၀ ဦးခန့်ဖြင့် နေ့စဉ်လည်ပတ်နေပြီး တစ်ရက်လျှင် ရာဘာတန်ချိန် ၂၀၀ ခန့် ထုတ်လုပ်နေကြောင်း ကနဦးသတင်းအရ သိရသည်။
လက်ရှိတွင် စက်ရုံမှ မီးခိုးနှင့် အနံ့ဆိုးထွက်ရှိမှု အခြေအနေများကို သက်ဆိုင်ရာဌာနများက စစ်ဆေးနေပြီး စက်ရုံပြန်လည်လည်ပတ်နိုင်မည့် အခြေအနေကို မသိရသေးပေ။
ရာဘာစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးများကြောင့် အနီးဝန်းကျင် ကျေးရွာများနှင့် တာချီလိတ်မြို့ပေါ် ရပ်ကွက်အချို့အထိ အနံ့ပျံ့နှံ့ပြီး ခေါင်းမူးခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်းများ ဖြစ်ပေါ်နေပြီး အထူးသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ပိုမိုခံစားနေရကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#ရာဘာစက်ရုံ
#အနံ့ဆိုး
#ဖန်မင်ကျေးရွာအုပ်စု








