မဲခေါင်၊ ဇူလိုင် ၂၄
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ဆင်ဆာပြားကျေးရွာအနီးတွင် ဇူလိုင် ၂၂ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲတစ်ရပ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြီးဆုံးချိန်တွင် စစ်ကောင်စီတပ်က ရုပ်အလောင်းများကို သယ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများ၏ အဆိုအရ တိုက်ပွဲမှာ အချိန်ကြာမြင့်ခြင်းမရှိဘဲ မိနစ်ပိုင်းသာ ကြာမြင့်ခဲ့ပြီး သေနတ်ပစ်သံများ ကြားရပြီးနောက် စစ်ကောင်စီယာဉ်တန်းများ ဝင်ရောက်လာကာ ရုပ်အလောင်းများကို သယ်ဆောင်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း သိရသည်။
“သေနတ်သံက ခဏပဲကြားရတယ်။ နောက်တော့ စစ်ကားတွေ ဝင်လာပြီး အလောင်းတွေ သယ်သွားတာ တွေ့ရတယ်။ ဘယ်အဖွဲ့နဲ့ ဖြစ်တာလဲဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
လက်ရှိအချိန်အထိ တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ကို အတည်မပြုနိုင်သေးသလို နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“အခုလို ရုတ်တရက် တိုက်ပွဲဖြစ်လာတော့ ရွာသားတွေ အကုန်လုံး လန့်သွားကြတယ်။ အခုဆိုရင် အသံကြားတာနဲ့ အပြင်တောင် မထွက်ရဲတော့ဘူး။ ရွာသားတွေကတော့ အခြေအနေ ထပ်ဆိုးလာမှာကို စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
ရွာငံမြို့နယ်အတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)၊ ဓနုပြည်နယ်အမျိုးသားများကာကွယ်ရေးတပ် (DSNDA) နှင့် NUG လက်အောက်ခံ PDF တပ်ရင်း ၁၀၀၃ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားလျက်ရှိပြီး ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
#MeKongNews
#ရှမ်းတောင်
#ဆင်ဆာပြား
#ရွာငံ
#ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
#စစ်ကောင်စီ
#တော်လှန်ရေး








