မူးယစ်ဆေးဝါးနှိမ်နင်းရေးအထူးစီမံချက်အဖြစ် မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့ စစ်ထောက်လှမ်းရေး အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာန နဲ့ထိုင်းဘုရင့်တပ်မတော်တို့ ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ စစ်ဆေးမှုတွေ လုပ်တော့ ဘန်ကောက်လိုင်စင်နဲ့ ပစ်ကက်ကားတစ်စီးပေါ် အမျိုးသားနှစ်ယောက် ခေါင်းခန်းက လိုက်ပါလာပြီး ရှေ့ပြေးကားတစ်စီးက စစ်ဆေးရေးဂိတ်ကို လွတ်၊ မလွတ် လမ်းကြောင်းကြည့်မောင်းပေနေတာကို တွေ့ရှိရလို့ စစ်ဆေးရာမှာ တစ်ထုပ် အလုံး ၂၀၀၀ ထည့်ထုပ်ထားတဲ့ ယာဘ ဆေးလုံးပေါင်း ၁၄ သိန်းကို သိမ်းဆည်းရမိ လိုက်တာဖြစ်ပါတယ်။
အသက် ၂၈ နှစ်နဲ့ ၂၃ နှစ်အရွယ် ထိုင်းအမျိုးသားနှစ်ဦးဟာ ပစ္စည်းပို့ပေးရတဲ့တာဝန်ကို ဘတ်သုံးသိန်းပေးပြီး ငှားရမ်းခံရတဲ့သူတွေဖြစ်လို့ ကွင်းဆက်အဖြစ် ခိုင်းစေသူကို ထပ်မံ လိုက်စုံစမ်းရာမှာ ဒီလူက သယ်ဆောင်မှု လုပ်ငန်းစဉ်တွေကို Line မှာ Group ဖွဲ့ပေးပြီး ညွှန်ကြားကြောင်း၊ ဘန်ကောက်ကနေ ဒီဆေးတွေကို လက်ခံရယူ ဖို့စောင့်နေတဲ့ ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ရှေ့ပြေးကားမောင်းပေးတဲ့ အသက် ၂၀ အရွယ် အမျိုးသား တစ်ဦးကိုပါ ဖမ်းဆီးလိုက်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။