မဲခေါင်၊ ဇူလိုင် ၁၄
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်အဖြေရှာသွားမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ- (SSPP/SSA) ဇူလိုင် ၁၃ တွင် သတင်းထုတ်ပြန်သည်။
၂၀၂၆ ခုနှစ် ပထမ ၆ လပတ် ဗဟိုကော်မတီအစည်းအဝေးအပြီးတွင် ရှေ့ဆက်လုပ်ငန်းစဉ် ၅ ချက်ကို SSPPက ထုတ်ပြန်ရာ ယင်းအချက်ကိုပါ ထည့်သွင်းထုတ်ပြန်လာခြင်းဖြစ်သည်။
SSPP အနေဖြင့် နယ်မြေငြိမ်းချမ်းရေးနှင့် ပြည်သူ့လုံခြုံမှုရှိစေရေးအတွက် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းတို့နှင့် ထိတွေ့ဆက်ဆံညှိနှိုင်းကာ ပြည်ထောင်စုတွင်း ပကတိဖြစ်တည်နေသော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်အဖြေရှာ ဖြေရှင်းသွားမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် နယ်မြေအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် ဆက်စပ်ရာဇဝတ်မှုများ မရှိစေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်သွားမည်ဟုလည်း SSPP က ဆိုသည်။
SSPP အဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး၊ ကျန်းမာရေး၊ ပညာရေးလိုအပ်ချက်များကို ဖြည့်ဆည်းရေးများကိုလည်း အရှိန်မပျက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဆိုသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP အဖွဲ့သည် မြောက်ပိုင်းအဖွဲ့များဖြင့် စုစည်းဖွဲ့စည်းထားသည့် FPNCC အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး စစ်ကောင်စီနှင့်လည်း ပုံမှန်တွေ့ဆုံနေသည့် အဖွဲ့ဖြစ်သည်။
#MeKongNews
#SSPP
#SSA
#နိုင်ငံရေး
#ဖြေရှင်း
#စစ်ကောင်စီ








