မဲခေါင် | ဇူလိုင် ၁၄
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ဆိုင်ကယ်ခိုးယူသူ နှစ်ဦးအနက် တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပြီး ကျန်တစ်ဦးမှာ ဆိုင်ကယ်နှင့်အတူ ထွက်ပြေးလွတ်မြောက်သွားကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် ညနေပိုင်းက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းအနီးတွင် ဆိုင်ကယ်တစ်စီး ခိုးယူခံရကြောင်း သိရှိပြီးနောက် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက လိုက်လံဖမ်းဆီးခဲ့ရာ သံသယရှိသူတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
“လူတွေက ဆိုင်ကယ်ခိုးခံရတယ်ဆိုပြီး အော်ဟစ်သတိပေးကြတော့ အနီးအနားကလူတွေ ဝိုင်းလိုက်ကြတာ။ နှစ်ယောက်ထဲက တစ်ယောက်ကိုတော့ မိသွားတယ်။ နောက်တစ်ယောက်က ဆိုင်ကယ်ယူပြီး လွတ်သွားတယ်” ဟု ဖြစ်စဉ်ကို သိရှိသူ ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါဆိုင်ကယ်မှာ အားကစားကွင်းအနီးရှိ ခြင်းလုံးရုံဝန်းကျင်မှ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားပြီး မကြာမီတွင် လူစုလူဝေးဖြင့် လိုက်လံဖမ်းဆီးခဲ့ကြကြောင်း သိရသည်။
“အခုနောက်ပိုင်း ဆိုင်ကယ်ပျောက်တဲ့ သတင်းတွေ မကြာခဏ ကြားလာရတော့ ပြည်သူတွေလည်း ပိုသတိထားလာကြတယ်။ ဒီတစ်ခေါက်မှာတော့ အချိန်မီတွေ့သွားလို့ တစ်ယောက်ကို ဖမ်းမိခဲ့တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိထားသူကို စစ်ဆေးလျက်ရှိပြီး ထွက်ပြေးလွတ်မြောက်သွားသူနှင့် ဆိုင်ကယ်အား ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
#MeKongNews
#တောင်ကြီး
#ဆိုင်ကယ်သူခိုး
#ရှမ်းတောင်
#ဝိုင်းဖမ်း
#တစ်ဦးလွတ်








