မဲခေါင်၊ ဇူလိုင် ၉
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုး ၂ ဦးနှင့်သူခိုးပစ္စည်းလက်ခံသူ ၂ ဦးတို့ကို ခိုးရာပါ ဆိုင်ကယ် ၁၄ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
တာချီလိတ်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက်၊ နံနက် ၁၁ နာရီခန့်က မြို့ပေါ်တွင်လှည့်ကင်းလှည့်နေစဉ် တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ မယ်ယန်းကျေးရွာအနီး တာချီလိတ် – ကျိုင်းတုံ ကားလမ်းပေါ်တွင် မျိုးမင်းသူရ (ခ) ဖိုးသား မောင်းနှင်ပြီး သီဟထွန်း လိုက်ပါလာသည့် Yamaha 150 CC အမျိုးအစား အနက်ရောင်ဆိုင်ကယ်ကို တားဆီးစစ်ဆေးရာမှ ၎င်းတို့ ခိုးယူထားသည့် ဆိုင်ကယ်များကို လိုက်လံ သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို စစ်ဆေးပေါ်ပေါက်ချက်အရ မိုင်းဆတ်မြို့၊ မယ်ဆွမ်ရပ်ကွက် ကျေးရွာစာရေး ဇင်ထက်အောင် ထံမှ ဆိုင်ကယ် ၅ စီး၊ အခြားနေရာများမှ ၃ စီး စုစုပေါင်း ၈ စီး၊ မိုင်းဖြတ်မြို့ ဝမ်မိုင် ရပ်ကွက်နေ ချစ်မင်းသူ (ခ) အညာသားထံမှ ဆိုင်ကယ် ၄ စီးနှင့် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ ဆိုင်ကယ် အရောင်းဆိုင်တစ်ဆိုင်မှ ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း သက်သေခံဆိုင်ကယ် ၁၄ စီးကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းဖမ်းဆီးမိသည့် ဆိုင်ကယ်သူခိုး ၂ ဦးနှင့် သူခိုးလက်ခံ ဝယ်ယူခဲ့သူ ၂ ဦး၊ စုစုပေါင်း ၄ ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ဆိုင်ကယ် ပျောက်ဆုံးသူများကို ရှာဖွေ၍ ပိုင်ရှင်များထံ ပြန်လည် အပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#ဆိုင်ကယ်သူခိုး
#ရပ်ကျေးစာရေး
#သူခိုးလက်ခံ
#ဖမ်းမိ








