မဲခေါင်၊ မေ ၂၀
ပူတင်အနေဖြင့် ယူကရိန်းကို အလုံးစုံ ကျူးကျော်စစ်ဆင်နွှဲခဲ့သည်မှာ နောက်ဆုံး နောင်တသာ ရလိမ့်မည်ဟု ရှီကျင့်ဖျင်က ထရမ့်ကို ပြောခဲ့ကြောင်း သတင်းများအပေါ် သတင်းမှားသာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ ကောကျားခွန်းက ငြင်းဆိုခဲ့သည်။
ပြီးခဲ့သည့်တစ်ပတ်က ပေကျင်းသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၃ ရက်တာ ရောက်ရှိခဲ့ပြီးနောက် တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး၊ ယူကရိန်းအရေးများ ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ရာတွင် ထိုသို့ ပြောဆိုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယမန်နေ့ မေ ၁၉ ရက် တွင် ပေကျင်းသို့ စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်ရေးနှင့် ပထဝီနိုင်ငံရေး ပူးပေါင်း ဆောင် ရွက်ရေးတို့အတွက် ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် ရုရှားသမ္မတ ပူတင်သည် ပေကျင်းသို့ ရောက်လာခဲ့ပြီးနောက် ကမ္ဘာ့မီဒီယာများတွင် ကျယ်ပြန့်စွာ ဖော်ပြနေကြသော ထိုကိစ္စအတွက် တရုတ်က ပြန်လည် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
တရုတ်နှင့်အမေရိကန်တို့ ဆွေးနွေးမှုကိစ္စများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ ပူတင် နောင်တရမည်ဟု တရုတ်သမ္မတက ထရမ့်အား ပြောခဲ့သည်ဆိုခြင်းမှာ သတင်းမှား သက်သက်သာဖြစ်ကြောင်း ကောကျားခွန်းက ရှင်းလင်းခဲ့သည်။
ထွက်ပေါ်နေသော သတင်းများတွင် ဒေါ်နယ်ထရမ့်သည် တရုတ်သို့ သွားခဲ့ရာ၌ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) အား အမေရိကန်နှင့်အတူ တရုတ်ရော ရုရှားကပါ ဆန့်ကျင်မှုတွင် ပူးပေါင်းကြရန် ဆွေးနွေးခဲ့သည်ဟုလည်း ပါရှိခဲ့သည်။
သို့သော် ထိုသတင်းကို အမေရိကန်နှင့် တရုတ်တို့ဘက်က တရားဝင် မထုတ်ပြန်ခဲ့ကြပေ။
ကိုကလင်း
Ref: kyivpost
#MeKongNews
#ယူကရိန်းကျူးကျော်စစ်
#ပူတင်
#ထရမ့်
#ရှီ








