မဲခေါင်၊ မေ ၁၂
ထိုင်းနိုင်ငံ၊ ဖစ်စနူလို့ခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၄၅ ဦးကို ယမန်နေ့ မေ ၁၁ ရက် ညပိုင်းတွင် မယ်ဆိုင်မှတစ်ဆင့် တာချီလိတ်မြို့သို့ ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။
ယင်းမြန်မာနိုင်ငံသားများမှာ မေ ၈ ရက်က ထိုင်းနိုင်ငံ၊ ဖရွန်ဖိရမ်ဒေသ အမှတ် (၁၁) အဝေးပြေးလမ်းမပေါ်တွင် ပစ်ကပ်ကား ၁၀ စီးဖြင့် ခေါ်ဆောင်လာစဉ် ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုအတွင်း ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။
ထိုစဉ် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့သော်လည်း ကားများမှာ လမ်းကြောင်းပြောင်းကာ လမ်းဘေးတောနှင့် လယ်ကွင်းများအတွင်း မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ညလုံးပေါက် လိုက်လံရှာဖွေခဲ့ပြီး ပစ်ကပ်ကား ၁၀ စီးနှင့်အတူ အနီးတဝိုက် တောအတွင်း ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ၁၄၅ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
ဖမ်းဆီးခံရသူများအား စစ်ဆေးရာတွင် အသက် ၁၈ နှစ်မှ ၂၃ နှစ်အရွယ် လူငယ်များဖြစ်ပြီး နိုင်ငံကူးလက်မှတ်နှင့် နေထိုင်ခွင့် စာရွက်စာတမ်းများ မပါရှိကြောင်း သိရသည်။
ယင်းနောက် ဖမ်းဆီးခံရသူများကို ယမန်နေ့ညပိုင်းတွင် မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်ဘက်သို့ ပြန်လည် လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည် လွတ်မြောက်နိုင်ရန်.ဖမ်းဆီးခံရသူတစ်ဦးလျှင် ဘတ်ငွေ ၂ ထောင် ကုန်ကျခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။
“ဖမ်းဆီးခံရသူ အကုန်လုံးက ပွဲစားနဲ့လာသူတွေ ဖြစ်တယ်။ ပွဲစားက မတူပေမယ့် လာတဲ့လမ်းကြောင်းက တူတူပါပဲ၊ တချို့က ပွဲစားက တာဝန်ယူဖြေရှင်းပေးတယ်။ တချို့က မိမိကိုယ်ကိုနဲ့ တစ်ခြားပွဲစားနဲ့ ပြန်ပြောင်းပြီး ပြန်ဖြေရှင်းရတယ်။ ကံကောင်းလို့ ပွဲစားတွေရဲ့ ပြန်လည်ဖြေရှင်းပေးလို့ ပြန်လွတ်တာဖြစ်တယ်”ဟု အဖမ်းခံရမှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။
ယင်းဖမ်းဆီးခံခဲ့ရသူများသည် ဘန်ကောက်နှင့် ထိုင်းနိုင်ငံအလယ်ပိုင်းဒေသများသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားများအား တစ်ဦးလျှင် ဘတ် ၂ သောင်းမှ ၄ သောင်းအထိ ပေးခဲ့ကြရကြောင်းလည်း သိရသည်။
ယင်းဖမ်းဆီးခံရသူများအနက် အများစုမှာ ပအိုဝ်းတိုင်းရင်းသား ၈၀ ကျော် ပါဝင်ပြီး၊ အင်းသား၊ ဓနု၊ တောင်ရိုး၊ ရှမ်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းမှ ဒေသခံများလည်း ပါဝင်ကြောင်း သိရသည်။
#MeKongNews
#ထိုင်း
#ဖမ်းဆီးခံရ
#တရားမဝင်
#မြန်မာ
#တာချီလိတ်








