မဲခေါင်၊ မေ ၁၀
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ရေမြောင်းများနှင့် အများပြည်သူသုံး နေရာများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ လျော့နည်းစေရန် ရည်ရွယ်ပြီး အမှိုက်စွန့်ပစ်သူများကို သတင်းပေးပို့နိုင်သူအား ဆုကြေးငွေ ကျပ်တစ်သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက အသိပေးကြေညာထားသည်။
တောင်ကြီးမြို့တွင် ရေမြောင်းပိတ်ဆို့မှု၊ လမ်းဘေးအမှိုက်စုပုံမှုနှင့် မိုးရာသီကာလ ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို ထိရောက်စွာ တားဆီးနိုင်ရန် ယခုအစီအစဉ်ကိတ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
စည်ပင်သာယာရေးဌာနအနေဖြင့် ရေမြောင်းကြီးများ၊ လမ်းဘေးများနှင့် အမှိုက်စွန့်ပစ်လေ့ရှိသည့် နေရာများတွင် “စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်ရ” ဟု ဖော်ပြထားသည့် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူထားပြီး ပြည်သူများအား ပညာပေးလုပ်ငန်းများလည်း ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
“မြို့သန့်ရှင်းသာယာရေးက လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ အမှိုက်စည်းကမ်းမဲ့ စွန့်ပစ်တာတွေကြောင့် ရေမြောင်းပိတ်ဆို့ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
သတင်းပေးပို့လိုသူများ အနေဖြင့် အမှိုက်စွန့်ပစ်နေသည့် အချိန်၊ နေရာနှင့် သက်သေအထောက်အထားများ (ဓာတ်ပုံ၊ ဗီဒီယို) ဖြင့် သက်ဆိုင်ရာ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနသို့ တိုင်ကြားပေးပို့နိုင်ကြောင်းလည်း သိရသည်။
ဒေသခံအချို့က ယခုအစီအစဉ်သည် မြို့သန့်ရှင်းရေးအတွက် အထောက်အကူ ဖြစ်နိုင်သော်လည်း စည်းကမ်းလိုက်နာမှုနှင့် အမှိုက်စနစ်တကျ စွန့်ပစ်နိုင်ရန် အခြေခံအမှိုက်စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာရန်လည်း လိုအပ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။
#MeKongNews
#တောင်ကြီးတွင်
#စည်းကမ်းမဲ့
#အမှိုက်စွန့်ပစ်သူ
#သတင်းပေးသူ








