မဲခေါင်၊ မေ ၈
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်တွင် အွန်လိုင်းငွေလိမ်မှု၌ ပါဝင်သည့် တရုတ်ကျားဖြန့်သမား ၃ ဦးကို ထပ်မံ ဖမ်းဆီးမိသည်ဟု စစ်ကောင်စီက ယနေ့ မေ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေ ၆ ရက်ည၌ မိုင်းပန်မြို့ အရှေ့မြောက်ဘက် ၁၃ ကီလိုမီတာခန့်အကွာတွင် အွန်လိုင်းငွေလိမ်မှုအတွင်း ပါဝင်နေသည့် တရုတ်ကျားဖြန့် ၂ ဦးကို ဖမ်းဆီးမိခဲ့သည်။
ထိုနေညတွင်ပင် မိုင်းပန်မြို့ မြောက်ဘက် ၁၂ ကီလိုမီတာခန့်အကွာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက နောက်ထပ် တရုတ်ကျားဖြန့်တစ်ဦးကို ထပ်မံဖမ်းမိခဲ့ရာ တစ်ရက်တည်းအတွင်း စုစုပေါင်း တရုတ်ကျားဖြန့် ၃ ဦးကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းအွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်သည့် တရုတ်ကျားဖြန့်များကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက ပြင်းထန်စွာ အရေးယူမည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ချက်တွင် ပြောသည်။
ပြီးခဲ့သည့် မေ ၄ ရက်တွင်လည်း မိုင်းပန်မြို့အနီးတွင်ပင် တရုတ် ၅၂ ဦး အပါအဝင် ကျားဖြန့်သမား ၅၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးမိခဲ့သေးသည်။
#MeKongNews
#မိုင်းပန်
#တရုတ်ကျားဖြန့်
#ထပ်မံ
#ဖမ်းဆီးမိ








