~ CWM ~
(၁)
အီရန်စစ်ပွဲရဲ့ မူလဗဟိုချက်က အီရန်ကုန်းမြေပေါ်မှာပါ။ ခုတော့ စစ်ပွဲရဲ့ ဗဟိုချက် ပြောင်းလဲသွားပါပြီ။ စစ်ပွဲရဲ့ အဓိက စစ်မျက်နှာဟာ အီရန်ကုန်းမြေပေါ်မှာ မဟုတ်တော့ဘဲ ” ဟော်မုဇ် ရေလက်ကြား” ဖြစ်လို့သွားခဲ့ပါပြီ။
စစ်ပွဲရဲ့ (၆၄)ရက်မြောက်နေ့မှာတော့ တလနီးပါးကြာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်နေခဲ့ရာက ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်စတင်လာပါတယ်။ ဖြစ်ပွားတဲ့နေရာက ” ဟော်မုဇ် ရေလက်ကြား”မှာပါ။
အမေရိကန် အပါချီရဟတ်ယာဉ်တွေက အီရန်ရေတပ်ရဲ့ တိုက်ခိုက်ရေး အမြန်ရေယာဉ် (၆)စီးကို မေလ(၄)ရက်နေ့မှာ ပစ်ခတ်နှစ်မြှုပ်လိုက်ကြတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သမ္မတ ဒေါ်နယ်ထရမ့်က ( Project Freedom ) လို့ အမည်ပေးထားတဲ့ စစ်ရေးအစီအစဉ်တခုကို စတင်လိုက်တယ်။ “လွတ်မြောက်ရေး စီမံချက်” လို့ အဓိပ္ပါယ်ရတဲ့ ဒီအစီအစဉ်ဟာ ဟော်မုဇ်ရေလက်လက်ကြားအတွင်း ပိတ်မိနေကြတဲ့ နိုင်ငံစုံက ရေနံနဲ့ ကုန်တင်သင်္ဘောတွေကို အမေရိကန်ရေတပ်က စောင့်ရှောက်ခြံရံပြီး ရေလက်ကြားအပြင်ဘက်ကို ပို့ဆောင်ပေးမယ့် အစီအစဉ်ပါ။
ဒေါ်နယ်ထရမ့်က ဒါဟာ လူသားချင်းစာနာထောက်ထားမှုအရ လုပ်ဆောင်တာဖြစ်ကြောင်း၊ ဟော်မုဇ်ရေလက်ကြားအတွင်း စစ်ပွဲနဲ့ မသက်ဆိုင်ဘဲ ပိတ်မိနေကြတဲ့ ကမ္ဘာ့နိုင်ငံတွေက သူ့ကို အကူအညီပေးဖို့ တောင်းဆိုလာကြောင်း၊ ပိတ်မိနေတဲ့သင်္ဘောတွေဟာ ရက်ကြာလာတာနဲ့အမျှ ရိက္ခာတွေ လျော့နည်းလာကြောင်း၊ ဒီသင်္ဘောတွေ အန္တရာယ်ကင်းကင်းနဲ့ ဟော်မုဇ်ရေလက်ကြားအတွင်းက ထွက်ခွါနိုင်ဖို့ အမေရိကန်ရေတပ်က စောင့်ရှောက်လိုက်ပါပေးမှာဖြစ်ကြောင်း သူပိုင်တဲ့ Truth ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တယ်။ ဒီလို လိုက်ပါစောင့်ရှောက်မှုကို အနှောက်အယှက်ပေးမယ်ဆိုရင်တော့ အီရန်ကို ကမ္ဘာမြေပုံပေါ်က ပျောက်ကွယ်သွားအောင် လုပ်ပစ်မှာဖြစ်ကြောင်း ရေးသားထားတယ်။ စစ်ပွဲ စတင်ချိန်ကတည်းက ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ ရေနံနဲ့ ကုန်တင်သင်္ဘော ၂၀၀၀ ကျော် ရှိပြီး သင်္ဘောသား ၂၀၀၀၀ ကျော်ဟာလည်း သင်္ဘောနဲ့အတူ ပိတ်မိပြီး သောင်တင်နေခဲ့တယ်။
ထရမ့်ရဲ့ ” လွတ်မြောက်ရေး စီမံချက် ” (Project Freedom) စတင်လိုက်တာနဲ့ တပြိုင်နက် အီရန်ဘက်ကလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်စတင်လိုက်တယ်။
တနင်္လာနေ့က အီရန်ဟာ ယူအေအီးဆိပ်ကမ်းမှာ ရပ်ထားတဲ့ ယူအေအီးနိုင်ငံပိုင် ရေနံတင်သင်္ဘောကို ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လယ်ကွေ့မှာ ရပ်နားထားတဲ့ တောင်ကိုးရီးယားကုန်သင်္ဘောတစီးကိုလည်း တိုက်ခိုက်ခဲ့လို့ တောင်ကိုးရီးယားသင်္ဘော မီးလောင်သွားတယ်။ ထိခိုက်ဒဏ်ရာရမှုမရှိပေမယ့် သင်္ဘောကို ဒူဘိုင်းဆိပ်ကမ်းကို ဆွဲယူသွားခဲ့ရတယ်။ အီရန်ရဲ့ ခုလို ပစ်ခတ်တိုက်ခိုက်မှုဟာ ဧပြီ(၇)ရက်နောက်ပိုင်း ပထမဦးဆုံးအကြိမ်လည်း ဖြစ်တယ်။ အလားတူ အီရန်ဟာ ယူအေအီးကို တာဝေးပစ်ဒုံးပျံတွေ၊ ခရုဇ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ယူအေအီးက အီရန်ရဲ့ ဒုံးကျည်ပစ်ခတ်မှုကို အစ္စရေးက ပေးထားတဲ့ Iron Dome ဒုံးပျံကာကွယ်ရေးစနစ်နဲ့ ဟန့်တားနိုင်ခဲ့ပေမယ့် ဒရုန်းတစင်းက ယူအေအီးရဲ့ ရေနံတင်ပို့ရေးဆိပ်ကမ်းတခုဖြစ်တဲ့ Fujairah ပေါ်ကို ကျရောက်ခဲ့လို့ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့တယ်။ တကယ်တော့ Fujairah က ဟော်မုဇ်ရေလက်ကြားအပြင်ဘက် အိုမန်ပင်လယ်ကွေ့ ကမ်းခြေမှာ ရှိတာပါ။ ယူအေအီးက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ ရေနံတွေကို ပိုက်လိုင်းနဲ့ ဖူဂျိုင်ရားကို ပို့ဆောင်ပြီး အဲဒီကမှ နိုင်ငံတကာကို တင်ပို့ရောင်းချတာပါ။
တစ်လလောက် ငြိမ်သက်နေတဲ့ အီရန်စစ်ပွဲဟာ ဟော်မုဇ်ရေလက်ကြားမှာ ပြန်လည်စတင်ခဲ့ပြီ ဖြစ်တယ်။ ထရမ့်ရဲ့ (Project Freedom) “လွတ်မြောက်ရေး စီမံချက်” က ရေနံတင်သင်္ဘောတွေ ဟော်မုဇ်ရေလက်ကြားအတွင်း အနှောက်အယှက်ကင်းကင်း ဝင်ထွက်နိုင်အောင် ခြံရံလိုက်ပါစောင့်ရှောက်ပေးမယ့် အစီအစဉ်ပါ။ အီရန်ဘက်ကတော့ သူတို့သတ်မှတ်ထားတဲ့ ရေလက်ကြားနယ်မြေအတွင်း ဝင်လာတဲ့သင်္ဘောမှန်သမျှကို တိုက်ခိုက်သွားမယ်လို့ ဆိုတယ်။
မေလ(၄)ရက်၊ တနင်္လာနေ့အထိကတော့ အမေရိကန်ရေတပ် အစောင့်အရှောက်နဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ထွက်လာနိုင်တဲ့ ကုန်တင်သင်္ဘောတစ်စီးပဲ ရှိသေးတယ်။ ဒီသင်္ဘောကတော့ အမေရိကန်အလံလွှင့်ထူထားတဲ့ Maersk သင်္ဘောကုမ္ပဏီပိုင် ကုန်တင်သင်္ဘောပဲ ဖြစ်တယ်။
အမေရိကန်ရဟတ်ယာဉ်တွေက အီရန်ရေတပ်ရဲ့ အမြန်ရေယာဉ်(၆)စီးကို ပစ်ခတ်နှစ်မြှုပ်လိုက်သလို အီရန်ဘက်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပြန်လည်ပစ်ခတ်ပြီး တလကြာ ငြိမ်သက်နေတဲ့ အီရန်စစ်ပွဲက ပစ်ခတ်သံတွေ ပြန်လည်ထွက်ပေါ်လာခဲ့ပြီဖြစ်တယ်။
ဒါဆိုရင် အီရန် နဲ့ အမေရိကန်အကြား အပစ်အခတ်ရပ်စဲရေးကျိုးပေါက်သွားပြီလားလို့ မေးမြန်းတဲ့အခါ ထရမ့်ရော ဗဟိုစစ်ဌာနချုပ် ရေတပ်ဦးစီးချုပ်တို့ကပါ တိတိကျကျ ဖြေဆိုသွားတာ မရှိဘူး။ တချိန်တည်းမှာ အမေရိကန်ဘက်က လိုအပ်ရင် စစ်ဆင်ရေးပြုလုပ်ဖို့ တပ်အင်အားဖြည့်တင်းမှုတွေလည်း လုပ်နေတယ်။
အမေရိကန်နဲ့ အစ္စရေးတပ်တွေ အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုကို ဧပြီ(၇)ရက်နေ့ကတည်းက ရပ်ဆိုင်းထားခဲ့တယ်။ ခုလို ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာတော့ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီတို့ကလည်း အသံထွက်လာတယ်။ အီရန်ကို ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးဖို့နဲ့ တွေ့ဆုံညှိနှိုင်းကြဖို့ တောင်းဆိုကြတယ်။
ခုချိန်မှာ ထရမ့်အလိုလားဆုံးအရာက ” ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး” ဖြစ်တယ်။ ဒါတွေက (၆၄)ရက် ကြာမြင့်လာပြီဖြစ်တဲ့ အီရန်စစ်ပွဲရဲ့ နောက်ဆုံးအခြေအနေပါ။
(၂)
အီရန်စစ်ပွဲရဲ့ မူလအစက အီရန်မှာ အစိုးရအပြောင်းအလဲ ပြုလုပ်ရေး အမေရိကန်နဲ့ အစ္စရေးရဲ့ ကြိုးပမ်းမှုပါ။ စစ်ဖြစ်ရခြင်းသမိုင်းကြောင်းက ရှည်လျားပေမယ့် လတ်တလော ဖြစ်ရတဲ့အကြောင်းရင်းက နျူးကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားနေပြီး လက်ဘနွန်၊ ဂါဇာ၊ အနောက်ဘက်ကမ်း နဲ့ ယီမင် အစရှိတဲ့ ဒေသတွင်းနိုင်ငံတွေကို အကြမ်းဖက်မှု တင်ပို့နေတဲ့ အီရန် ဘာသာရေးအစိုးရကို အပြီးတိုင် ဖယ်ရှားပစ်ဖို့ပါ။
ပြီးခဲ့တဲ့ နှစ်လကျော် ဖေဖော်ဝါရီ(၂၈)ရက်က စတင်ခဲ့တဲ့ ဒီစစ်ပွဲရဲ့ ကနဦးစစ်ဆင်ရေးမှာ အစ္စရေးနဲ့ အမေရိကန်တို့က အသာစီး ရခဲ့ကြတယ်။ အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုမှာ အီရန်ထိပ်တန်း စစ်ဗိုလ်ချုပ်အများအပြား သေဆုံးခဲ့ရတယ်။ ဒီ အလစ်အငိုက်တိုက်ခိုက်မှုဟာ စစ်ပွဲရဲ့ အဆုံးအဖြတ်လို့ ထင်ထားခဲ့ပေမယ့် အီရန်အစိုးရအဖွဲ့အတွင်းမှာ ထူးခြားတဲ့ အပြောင်းအလဲ ဖြစ်မလာတဲ့အပြင် အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)က အစ္စရေးနဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေ ရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်တုန့်ပြန် တိုက်ခိုက်လာခဲ့တယ်။
ဒီလိုနဲ့ပဲ စစ်ပွဲဟာ ခုဆိုရင် ရက်ပေါင်း(၆၅)ရက် ကြာသွားခဲ့ပြီဖြစ်တယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ အီရန် နဲ့ အမေရိကန်ကြား ညှိနှိုင်းဆွေးနွေးပြီး အပစ်အခတ်ရပ်စဲဖို့ ပါကစ္စတန်က ကြားဝင်စေ့စပ်ပေးခဲ့ပြီး အစ္စလာမ်မာဘတ်မြို့မှာ နှစ်ဖက်ဆွေးနွေးမှုတွေတောင် ပြုလုပ်ခဲ့ကြသေးတယ်။ ဒါပေမယ့် ဆွေးနွေးပွဲက မအောင်မြင်ခဲ့ပါဘူး။ အဓိကအချက်တွေ ညှိနှိုင်းလို့ မရလို့ ပွဲပျက်သွားပေမယ့် ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ ဆိုခဲ့တယ်။
အီရန်စစ်ပွဲက စ တုန်းကတော့ အီရန်ဘာသာရေးအစိုးရကို ဖြုတ်ချပစ်ဖို့ပါပဲ။ စစ်ပွဲ စတင်စဉ်က စစ်ပွဲရဲ့ ဗဟိုချက်ဟာ အီရန်ကုန်းမြေ ဖြစ်ပေမယ့် ခုတော့ စစ်ပွဲရဲ့ ဗဟိုချက်က ” ဟော်မုဇ် ရေလက်ကြား” ဖြစ်သွားခဲ့ပါပြီ။ စစ်ပွဲကို အကြောင်းပြုလို့ အီရန်က အမေရိကန်နဲ့ ကမ္ဘာ့စီးပွားရေးရဲ့ ပင်မသွေးကြောတခုဖြစ်တဲ့ ” ဟော်မုဇ်”ကို ထိန်းချုပ်ခွင့် ရသွားတယ်။ ကမ္ဘာ့ရေနံစိမ်း နဲ့ ရေနံဓါတ်ငွေ့ရည် ၂၀ ရာခိုင်နှုန်း ပုံမှန်ဖြတ်သန်းသွားလာနေပြီး အဓိက ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်တဲ့ ” ဟော်မုဇ်ရေလက်ကြား”ကို အီရန်က ထိန်းချုပ်လိုက်တဲ့အခါ အမေရိကန် အကြပ်ရိုက်သွားတယ်။
စစ်ပွဲရဲ့ ခေါင်းစဉ်ဟာ “အီရန်ဘာသာရေးအစွန်းရောက်အစိုးရ ဖြုတ်ချရေး” အစား ” ဟော်မုဇ် ရေလက်ကြား” ပြန်လည်ဖွင့်ပေးရေး ဖြစ်သွားတယ်။ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ အီရန်ဘက်က ပြန်ပြီး အကြပ်ကိုင်နိုင်တဲ့ အချက်တခုဟာ ” ဟော်မုဇ်ရေလက်ကြား” ဖြစ်သွားတယ်။
နောက်ဆုံး နှစ်ဖက်ညှိနှိုင်းဆွေးနွေးပွဲနဲ့ အဆိုပြုချက်တွေမှာ အီရန်ဘက်က တောင်းဆိုလာတာက အမေရိကန်ဘက်က ခြွင်းချက်မရှိ စစ်ပွဲရပ်ဆိုင်းပေးရေး ဖြစ်တယ်။ အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာ ရပ်ဆိုင်းပေးရင် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ အီရန်ဘက်က တောင်းဆိုတယ်။ အမေရိကန်ဘက်ကတော့ အီရန်က ကြိုးစားနေတဲ့ နျူးကလီးယားအစီအစဉ်တွေ လုံးဝရပ်ဆိုင်းရေးနဲ့ သန့်စင်ပြီး ယူရေနီယံတွေကို လွှဲပြောင်းပေးရေးဖြစ်တယ်။ ဒီကိစ္စကိုတော့ အီရန်က နောက်မှ ဆွေးနွေးမယ်။ လောလောဆယ် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်စေချင်ရင် အမေရိကန်က စစ်ပွဲကို အရင် ရပ်ဆိုင်းပေးရမယ်။ စစ်လျော်ကြေးလည်း ပေးရမယ်လို့ တောင်းဆိုထားတယ်။ ထရမ့် လတ်တလော လိုချင်နေတာ “ဟော်မုဇ် ပြန်ဖွင့်ရေး” ဖြစ်တယ်။
ခုတော့ စစ်ပွဲရဲ့ ဗဟိုချက်က “ဟော်မုဇ်ရေလက်ကြား” ဖြစ်သွားခဲ့ပြီ ဖြစ်တယ်..။
#MeKongNews








