မဲခေါင်၊ မေ ၁
နေတိုးအဖွဲ့ဝင် ၄ နိုင်ငံကို နောက်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ရုရှားသည် နျူကလီးယားလက်နက် ထုတ်သုံးကာ ကမ္ဘာပျက်ကိန်းကို ဆိုက်စေနိုင်ကြောင်း ပူတင်၏ လက်ပါးစေ ရုရှားသမ္မတဟောင်း မက်ဗီဒက်ဗ်က ခြိမ်းခြောက်ခဲ့သည်။
စိန့်ပီတာစဘာ့ဂ်မြို့အနီး အရေးပါသော ရေနံသိုလှောင်စက်ရုံ ပစ်မှတ်များကို ယူကရိန်းဘက်မှ ဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးခဲ့ရာ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီရှီအိုဂူက ဖင်လန်၊ အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယားနိုင်ငံများသည် ယူကရိန်းဒရုန်းများကို ၎င်းတို့ လေပိုင်နက်များအား ဖြတ်သန်းခွင့် ပြုခဲ့သဖြင့် နောက်ဆုံးအကြိမ် သတိပေးကာ စစ်ရေးအရ တိုက်ခိုက်သွားရမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထိုအခြေအနေတွင် ယူကရိန်းကျူးကျော်စစ်၌ ရုရှားတပ်များ ရှေ့ဆက် နယ်မြေသိမ်းပိုက်နိုင်မှုမရှိ ဖြစ်နေရ သောကြောင့် ပူတင်သည် နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်လာဖွယ်ရှိနေသည်ဟု ယူကရိန်းလက်နက်ကိုင် တပ်ဖွဲ့မှ ဗိုလ်မှူးကြီး ပက်ဘလိုယီလီဇာရော့ဗ်က တွေးဆပြောဆိုခဲ့ပြီး ထိုသို့ နျူကလီးယားလက်နက် သုံးလာလျှင် ကမ္ဘာတစ်ခုလုံးအရေးဖြစ်သွားနိုင်ခြင်းကြောင့် ကြိုတင်ဆွေးနွေးကြရန်လိုအပ်ပြီဟု ပြောဆိုသွားခဲ့ သည်။
ရုရှားအဏုမြူစွမ်းအင် ကော်ပိုရေးရှင်းမှ အကြီးအကဲ အလက်ဇီလစ်ခ်ဟာချက်ဗ်ကလည်း သမ္မတပူတင်ကိုယ်တိုင် နျူကလီးယားဒိုင်းများ၊ နျူကလီးယားဓားများ၊ အဆင့်မြှင့်တင်နေသော နျူကလီးယား လက်နက်များ စွမ်းဆောင်ရည်ကို ပိုကောင်းသထက် ကောင်းလာစေရန် အနီးကပ် ကြီးကြပ်နေသည်ဟု ပြောခဲ့သည်။
ထိုအခြေအနေတွင် ယခင်ကတည်းက နျူကလီးယားလက်နက် သုံးရန် တိုက်တွန်း ခြိမ်းခြောက်နေခဲ့သော မက်ဗီဒက်ဗ်က အနောက်ကမ္ဘာနှင့် ရုရှားတို့အကြား စစ်ပွဲသည် သဘာ၀အတိုင်း ယနေ့တွင် အမြဲတည်ရှိနေခဲ့ပြီ ဖြစ်ရာ နျူကလီးယားလက်နက်များ အသုံးပြု တိုက်ခိုက်ခြင်းနှင့် ကမ္ဘာပျက်ကိန်းက လက်တွေ့ ဖြစ်လာနိုင်သည်ဟု ခြိမ်းခြောက်ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်သံတမန် အန်ဒရေးဘီလျူဆော့ဗ်ကမူ မက်ဗီဒက်ဗ်စကားကို လက်သင့်မခံဘဲ ရုရှားသည် မည်သည့်အခါတွင်မှ နျူကလီးယားလက်နက်များကို ထုတ်သုံးရန် မရှိကြောင်း၊ ၎င်းတို့ကဲ့သို့ပင် နျူကလီးယားရှိသည့် နိုင်ငံများနှင့်လည်း ထိပ်တိုက်ရင်ဆိုင်ရမှု မရှိရန် ရှောင်ရှားကြောင်း၊ ယူကရိန်းစစ်တွင်လည်း နျူကလီးယားလက်နက် သုံးစရာအကြောင်း မရှိဟု ငြင်းဆိုခဲ့သည်။
ကိုကလင်း
Ref:thesun
#MeKongNews
#နျူကလီးယားစစ်
#ကမ္ဘာပျက်ကိန်း
#မက်ဗီဒက်ဗ်
#ခြိမ်းခြောက်







