မဲခေါင်၊ ဧပြီ ၃၀
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ခိုးလျေဆို စစ်ဘေးရှောင်စခန်းတွင် ကလေးများနှင့် သက်ကြီးရွယ်အိုများအကြား ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး၊ လိုအပ်သည့် ဆေးဝါးနှင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။
စစ်ရှောင်စခန်းအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါမှာ ဧပြီလ ၅ ရက်မှ စတင်ဖြစ်ပွားခဲ့ပြီး ၃ ပတ်ကျော်ကြာ ယနေ့အထိ ဆက်လက် ဖြစ်ပွားနေကြောင်း၊ အစပိုင်းတွင် လူဦးရေ ၂၀ ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိတွင် စခန်းရှိ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်အထိ ဖြစ်ပွားလာကြောင်း စစ်ရှောင်များထံမှ သိရသည်။
“ကလေးတွေနဲ့ သက်ကြီးပိုင်းတွေမှာ ဝမ်းပျက်ဝမ်းလျှောတာ တစ်ရွာလုံးနီးပါး ဖြစ်နေပါတယ်။ ရောဂါဖြစ်တာ ကြာလာပေမယ့် ဆေးဝါး မလုံလောက်လို့ သက်သာသွားတာမျိုး မရှိသေးပါဘူး” ဟု စစ်ရှောင်စခန်းအတွင်း ကလေးသူငယ်များကို ကူညီပေးနေသည့် ဆရာမတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဒေသတွင်း နွေရာသီအပူရှိန် မြင့်တက်လာခြင်းနှင့် ရေရှားပါးမှုကြောင့် သန့်ရှင်းသော သောက်သုံးရေ မလုံလောက်နိုင်ဘဲ စစ်ရှောင်များအကြား ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ပိုမိုများပြားလာနေကြောင်း သိရသည်။
စစ်ရှောင်များ၏ ပြောကြားချက်အရ စခန်းအတွင်း အခမဲ့ဆေးပေးခန်း မရှိသည့်အပြင် ကိုယ်ထူကိုယ်ထ ဆေးပေးခန်းများတွင်လည်း လူနာအခြေအနေပေါ် မူတည်၍ ဆေးဝါးပေးမှု အကန့်အသတ်ဖြင့်သာ ရရှိနေသည်ဟု သိရသည်။
“ဒီဘက်မှာ ဓာတ်ဆားက စျေးကြီးသလို ရှားလည်းရှားတယ်။ မိသားစုတိုင်း အခက်အခဲရှိတော့ မဝယ်နိုင်ကြဘူး။” ဟု စစ်ရှောင်တစ်ဦးက ဆိုသည်။
ခိုးလျေဆို စစ်ဘေးရှောင်စခန်းသည် ထီးသဲကူးကျေးရွာဒေသခံများ အဓိကခိုလှုံနေသည့် နေရာဖြစ်ပြီး လူဦးရေ ၂ ထောင်ကျော် နေထိုင်လျက်ရှိသည်။
လက်ရှိတွင် ဒီးမော့ဆို – ဖရူဆို ကားလမ်းမကို စစ်ကောင်စီဘက်မှ ထိန်းချုပ်ထားဆဲ ဖြစ်သဖြင့် လူသုံးကုန်ပစ္စည်းများနှင့် အခြေခံဆေးဝါးများ သယ်ယူပို့ဆောင်ရေး ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။
ဖရူဆိုမြို့နယ်အတွင်း နွေရာသီကာလတိုင်း ရေရှားပါးမှုပြဿနာကြောင့် စစ်ဘေးရှောင်များအကြား ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ နှစ်စဉ်ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#ဖရူဆို
#စစ်ရှောင်စခန်း
#ဝမ်းပျက်ဝမ်းလျှော
#ဆေးဝါး
#ကျန်းမာရေးစောင့်ရှောက်မှု








