မဲခေါင်၊ ဧပြီ ၂၉
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်တရားဒေသရှိ ဗောင်းရွာနှင့် မျင်းတွင်ရွာ အနီးတဝိုက်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများကြောင့် တောင်သူများ စိုက်ပျိုးထားသည့် ခရမ်းချဉ်သီးနှင့် အာလူးစိုက်ခင်း ဧကတစ်ထောင်ကျော် ပျက်စီးသွားကြောင်း ဒေသခံတောင် သူများထံမှ သိရသည်။
လတ်တလော ရွာသွန်းခဲ့သည့် မိုးနှင့်အတူ မိုးသီးကြွေကျမှုကြောင့် အာလူးစိုက်ခင်းများတွင် အပင်များ နာသွားပြီး ကြီးထွားမှု ထိခိုက်သွားသလို၊ ခရမ်းချဉ်သီးစိုက်ခင်းများတွင်လည်း အရွက်များနာကျင်ခြင်း၊ အသီးပုပ်ခြင်းနှင့် အပွင့်၊ အဖူးများ ကြွေကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“အာလူးဆို အပင်တွေ နာကုန်တယ်။ ခရမ်းချဉ်သီးလည်း အရွက်နာ၊ အသီးနာ၊ အပွင့်အဖူးတွေ ကြွေကုန်တယ်။ ဒီနှစ် နွေရာသီမှာ ရေသွင်းစိုက်ရတော့ ကုန်ကျစရိတ် ပိုများပြီး အရင်းနှီးလည်း ပိုကုန်ထားရတယ်” ဟု နောင်တရားဒေသခံ တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
တောင်သူများ၏ ပြောကြားချက်အရ နွေရာသီအတွင်း ရေသွင်းစိုက်ပျိုးရခြင်းကြောင့် စက်သုံးဆီ၊ ရေတင်စက်ခနှင့် အလုပ်သမားစရိတ်များ မြင့်တက်ခဲ့ပြီး ယခုသဘာဝဘေးကြောင့် ရင်းနှီးမြှုပ်နှံထားသည့် အရင်းအနှီးများ ပြန်လည်ရရှိနိုင်ရန် ခက်ခဲနေကြောင်း သိရသည်။
“နွေရာသီမှာ ရေသွင်းစိုက်ထားတော့ ကုန်ကျစရိတ်များတယ်။ အခု မိုးသီးကျပြီး စိုက်ခင်းတွေ ထိခိုက်သွားတော့ အရင်းပြန်ရဖို့တောင် မလွယ်တော့ဘူး” ဟု ဒေသခံ တောင်သူအမျိုးသမီးတစ်ဦးက ဆိုသည်။
ပင်လောင်းမြို့နယ် နောင်တရားဒေသသည် ရှမ်းပြည်တောင်ပိုင်းအတွင်း အာလူး၊ ခရမ်းချဉ်သီးနှင့် ဟင်းသီးဟင်းရွက်များ အဓိကစိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်ပြီး ရာသီဥတု မတည်ငြိမ်မှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရေးအခက်အခဲများ ပိုမိုကြုံတွေ့လာနေကြောင်း သိရသည်။
#MeKongNews
#ပင်လောင်း
#မိုးသီးကြွေ
#စိုက်ဧက
#ပျက်စီး








