မဲခေါင်၊ ဧပြီ ၂၇
ယူကရိန်းအတွက် စစ်ရေးဆိုင်ရာဘဏ္ဍာရေး ကူညီမှုကို သမ္မတထရမ့်က လျှော့ချခဲ့၍ အမေရိကန်တွင် စစ်စရိတ် ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျခဲ့သော်လည်း ကမ္ဘာတစ်ဝန်းစစ်ရေးအတွက် သုံးစွဲမှုများသည် ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ပဋိပက္ခဆိုင်ရာ ပညာရှင်အဖွဲ့တစ်ဖွဲ့ က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်တွင် စစ်အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၉ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး ကမ္ဘာ့စုစုပေါင်းထုတ်ကုန်တန်ဖိုး(GDP)၏ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိကာ ၂၀၀၉ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအင်စတီကျုဒ်(SIPRI) က ပြောသည်။
လက်ရှိ ကမ္ဘာ့ပြဿနာများနှင့် နိုင်ငံအများစု၏ ရေရှည် စစ်ရေးသုံးစွဲမှု ပစ်မှတ်များကို ထောက်ရှုပါက စစ်အသုံးစရိတ် ကြီးထွားလာမှုသည် ၂၀၂၆ ခုနှစ်ထက် ကျော်လွန်သွားနိုင်သည်ဟု SIPRI ၏ အစီရင်ခံစာက ဖော်ပြသည်။
စစ်ရေးသုံးစွဲမှု အများဆုံးဖြစ်သော အမေရိကန်၊ တရုတ်နှင့် ရုရှားတို့၏ အသုံးစရိတ်သည် ဒေါ်လာ ၁ ဒသမ ၄၈ ထရီလီယံ ရှိပြီး ကမ္ဘာ့ စစ်အသုံးစရိတ် စုစုပေါင်း၏ ထက်ဝက်ကျော် ၅၁ ရာခိုင်နှုန်းရှိသည်။
၂၀၂၅ ခုနှစ်တွင် အမေရိကန်၏ စစ်ရေးသုံးစွဲမှုသည် ဒေါ်လာ ၉၅၄ ဘီလီယံသာ ရှိပြီး အဓိကအားဖြင့် ယူကရိန်းအတွက် ဘဏ္ဍာရေး၊ စစ်ရေးအကူအညီ အသစ်များ ခွင့်မပြုခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ၂၀၂၆ ခုနှစ်တွင် ယူကရိန်းအတွက် စစ်ရေးအကူအညီကို ဒေါ်လာ တစ်ထရီလီယံ ကျော်အထိ အမေရိကန်က ခွင့်ပြုထားကြောင်း သိရသည်။
ယူကရိန်းစစ်ပွဲ ရိုက်ခတ်မှုနှင့်အတူ ဥရောပတွင်လည်း စစ်ဘက်အတွက် သုံးစွဲမှု ၁၄ ရာခိုင်နှုန်းမြင့်တက်ပြီး ဒေါ်လာ ၈၆၄ ဘီလီယံအထိ ရှိလာခဲ့သည်။
စစ်ပွဲ ၄ နှစ်ထဲ ဝင်ရောက်လာချိန်တွင် ရုရှားနှင့် ယူကရိန်းတို့၏ စစ်ရေးအသုံးစရိတ်များလည်း မြင့်တက်သထက် မြင့်တက်လာခဲ့ကာ ဥရောပအနောက်ပိုင်းနှင့် အလယ်ပိုင်းနိုင်ငံများ၏ စစ်အသုံးစရိတ်မှာလည်း စစ်အေးခေတ်နောက်ပိုင်း အမြင့်ဆုံးအမှတ်သို့ ရောက်လာခဲ့သည်။
၂၀၂၅ တွင် ဂါဇာစစ်ပွဲ အဆုံးသတ်သွားခြင်းကြောင့် အစ္စရေးတွင် စစ်ရေးအတွက် သုံးစွဲမှု ၄ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒေါ်လာ ၄၈ ဒသမ ၃ ဘီလီယံသာရှိသည်။
အေးကျော်
Ref: Reuters
#MeKongNews
#ယူကရိန်း
#အမေရိကန်
#စစ်ရေးကူညီမှု
#ကမ္ဘာ့စစ်အသုံးစရိတ်








