မဲခေါင်၊ ဧပြီ ၂၂
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်တွင် တောမီး ကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် ၄၀ ကျော် မီးလောင် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ မီးလောင်မှုသည် ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းတွင် ထေးပလော်ခူးရွာအနီးရှိ ခြံရှင်းရာမှ စတင်ဖြစ်ပွားခဲ့ပြီး ရာသီအလိုက် ခြောက်သွေ့မှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် မီးကူးစက် ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“နေ့လယ် ၂ နာရီလောက်မှာ စလောင်တာပါ။ ဒီအချိန်ကာလကလည်း မြေပြင်ခြောက်သွေ့နေပြီး တောမီးလည်း ဖြစ်လွယ်တဲ့ အချိန်ဆိုတော့ မီးက ခဏအတွင်းမှာပဲ တောက်လောင်ပြီး ပတ်ဝန်းကျင်ကို မြန်မြန် ကူးသွားတယ်။ အဲဒီကနေ လူနေအိမ်တွေထိပါ မီးကူးသွားတာပါ။ အခုက လူတွေမများတော့ မီးကို ထိန်းချုပ်ဖို့လည်း မလွယ်ဘူး”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
မီးလောင်မှု ဖြစ်ပွားပြီးနောက် ညနေ ၅ နာရီကျော်တွင် မီးသတ်ကား ၅ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
နာနတ်တောရပ်ကွက်ရှိ ဒေသခံများသည် ၂၀၂၃ ခုနှစ် ၁၁၁၁ စစ်ဆင်ရေးကာလအတွင်း စစ်ဘေးရှောင်ခဲ့ရပြီး ယခုနှစ်တွင် နေရပ် ပြန်လည်နေထိုင်သူ အနည်းငယ်သာ ရှိသေးကြောင်း သိရသည်။
ယခုမီးလောင်မှုတွင် နေရပ်ပြန်လာသူများ၏ နေအိမ်များသာမက နေရပ်မပြန်ရသေးသူများ၏ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မတ် ၂၆ ရက်ကလည်း လွိုင်ကော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် တောမီးကူးစက်မှုကြောင့် စစ်ရှောင်တဲ ၃ လုံး မီးလောင် ပျက်စီးခဲ့သေးကြောင်း သိရသည်။
#MeKongNews
#လွိုင်ကော်
#တောမီးကူးစက်
#နေအိမ်
#မီးလောင်








