မဲခေါင်၊ ဧပြီ ၈
ရှမ်းပြည်မြောက်ပိုင်း၊ KIO ထိန်းချုပ် နမ့်ဖတ်ကာကို ကချင်လွတ်လပ်ရေးအဖွဲ့အစည်း – KIO ၏ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွမ်မော် ရောက်ရှိကာ ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဗိုလ်ချုပ် ဂွမ်မော်က ပြီးခဲ့သည့် ဧပြီ ၄ ရက်နှင့် ၅ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နမ့်ဖတ်ကာဦးဆောင်ကော်မတီနှင့် အသင်းတော်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
“တိုင်းရင်းသား စာပေယဉ်ကျေးမှုနဲ့ တိုင်းရင်းသားလူမျိုးတွေကို ခွဲခြားဆက်ဆံခြင်း မရှိဘဲ အားလုံးကို အတူတကွ ယှဉ်တွဲနေထိုင်တဲ့ ဖက်ဒရယ်စနစ်ကိုသွားဖို့ ပြောသွားတယ်” ဟု ဒေသအဖွဲ့အစည်းတစ်ခု၏ အကျိုးဆောင်တစ်ဦးက ပြောသည်။
နမ့်ဖတ်ကာဒေသသည် တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်သည့် ဒေသဖြစ်သည့်အလျောက် တိုင်းရင်းသား စာပေယဉ်ကျေးမှုနှင့် တိုင်းရင်းသားလူမျိုးများကို တန်းတူညီမျှ ယှဉ်တွဲနေထိုင်ရေး ဦးတည်သွားရန်၊ ခွဲခြားဆက်ဆံမှုမရှိဘဲ အတူတကွယှဉ်တွဲ နေထိုင်ကြရန် ပြောဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။
“နမ့်ဖတ်ကာကို KIA က အုပ်ချုပ်ထားတဲ့ နေရာမို့လို့ တခြားအဖွဲ့အစည်းရဲ့ ကျောင်းမဖွင့်ရဘူး ဆိုတာမျိုးမဟုတ်ဘဲ အားလုံး ဖွင့်လို့ရတယ်။ ကိုယ်ပိုင်ကျောင်းတွေ ဖွင့်မယ်ဆိုလည်း ရတယ်။ ပညာရေးမို့လို့ အခွင့်ပေးထားတယ်လို့ ပြောတယ်။အဓိက သူက ပညာရေးနဲ ပတ်သက်ပြီး အထူးပြောသွားတယ်” ဟု ဒေသခံက ပြောသည်။
နမ့်ဖတ်ကာဒေသကို KIA က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်တွင် သိမ်းပိုက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီမှစကာ နမ့်ဖတ်ကာ ဦးဆောင်မှုကော်မတီအဖွဲ့ကို ပြောင်းလဲဖွဲ့စည်း ထိန်းချုပ်လျက်ရှိသည်။
ယခုလို ဗိုလ်ချုပ်ဂွမ်မော် ရှမ်းမြောက်ကို လာရောက်ပြီး နမ့်ဖတ်ကာ လူထုကို လာရောက်တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး နမ့်ဖတ်ကာဒေသမှာ အိမ်ခြေ ၃ ထောင်ကျော်ရှိကြောင်း သိရသည်။
ထို့ပြင် ဗိုလ်ချုပ် ဂွမ်မော်သည် MNDAA နှင့် ကောင်းခါးဘက်တွင် လည်းကောင်း၊ TNLA နှင့် နမ့်ခမ်းမြို့တွင် လည်းကောင်း၊ SSPP နှင့် မံစီမြို့နယ်၊ မန်ဝိန်းကြီးဒေသတွင် လည်းကောင်း အသီးသီး တွေ့ဆုံခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း KIO ပြန်ကြားရေးမှ အတည်ပြုခြင်း မရှိသေးပေ။
ပြီးခဲ့သည့် မတ်လအတွင်းမှာ ကွတ်ခိုင်မြို့ကို ထိန်းချုပ်ထားသည့် TNLA စခန်းများကို MNDAA က တိုက်ခိုက်ဖယ်ရှားခဲ့သလို နမ့်ဖက်ကာရှိ KIA စစ်ဆေးရေးဂိတ်များလည်း ဖယ်ရှားခံခဲ့ရသည့် ဖြစ်စဥ်ရှိခဲ့ရာ ယခု ဗိုလ်ချုပ် ဂွမ်မော်၏ ခရီးစဉ်သည် ယင်းပြဿနာများကို ညှိနှိုင်းဖြေရှင်းရန် ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်လျက်ရှိသည်။
#MeKongNew
#ဗိုလ်ချုပ်
#ဂွမ်မော်
#နမ့်ဖတ်ကာ
#ဒေသခံ








