မဲခေါင်၊ ဧပြီ ၆
ကိုးကန့်တပ်ဖွဲ့ – MNDAA က သိမ်းယူသွားသည့် တအာင်းပြည်ပညာရေးကောင်စီ – TLEC ပိုင် ဆန်အိတ် ၃၀၀ နီးပါးအနက် ဆန်အိတ်အချို့ ပြန်လည် ရရှိခဲ့ကြောင်း TLEC နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ပညာရေးဝန်ထမ်းများအား ထောက်ပံ့ရန် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် စုဆောင်းထားသည့် TLEC ပိုင် ဆန်၂၉၈ အိတ်ကို TNLA နှင့်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း MNDAA က သိမ်းယူသွားပြီး ဒေသခံများကို ဝေငှခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တပ်က ပညာရေးအဖွဲ့အစည်းပိုင် ဆန်ကိုသိမ်းသွားတယ်ဆိုပြီး သတင်း ပေါက်ကြားသွားတာရော TLEC ဘက်ကလည်း အဲဒီဆန်တွေဟာ ဆရာ ဆရာမတွေကို ထောက်ပံ့မယ့်ဆန် ဖြစ်တယ်ဆိုတာကိုရော စာတင်ပြီး ပြန်တောင်းလို့ ကိုးကန့်တပ်က ပြန်လာပေးသွားပြီလို့ သိရတယ်ပေါ့နော်ဟု သတင်းရင်းမြစ်က ပြောသည်။
MNDAA သည် မတ် ၁၄ ရက်တွင် TNLA ထိန်းချုပ်သည့် ကွတ်ခိုင်မြို့ကို စတင်တိုက်ခိုက်သိမ်းပိုက်သည့် အချိန်တွင်ပင် မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်ရှိ TLEC ပိုင် တန်ဖိုးကြီး ပစ္စည်းများနှင့် ဆန်အိတ် ၂၉၈ အိတ်ကိုပါ သိမ်းယူခဲ့သည်။
ယင်းတန်ဖိုးကြီး ပစ္စည်းများနှင့်.ဆန်အိတ်များကို သိမ်းယူပြီးနောက် MNDAA က ပြည်သူအား အဖွဲ့အစည်းက ထောက်ပံ့သည်ဟုဆိုကာ TLEC ပိုင်ဆန်များကို ရွာခံများအား ဝေငှပေးလိုက်သည်ဟု သ တင်းများ ထွက်ပေါ်သကဲ့သို့ မီဒီယာများကလည်း သတင်းဖော်ပြခဲ့ကြသည်။
မီဒီယာပေါ်မှာ ဆရာ ဆရာမတွေ အတွက် ဆန်ကို ကိုးကန့်က သိမ်းသွားတယ်ဆိုပြီး သတင်းတွေ ထွက်သွားတာလည်း ပါမှာပေါ့၊ ဒါကြောင့်ပဲ ဆရာ ဆရာမတွေဆန်မှန်း မသိလို့ပါ ဆိုပြီး ၃ ရက်နေ့မှာ ဆန်တွေကို ပြန်လာပေးသွားတယ်လို့ သိရတယ်။ ပြန်လာပေးတာက ၂၇၂ အိတ်လို့ သိရတယ်ဗျဟု TLEC နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ယင်းဆန်အိတ်များသည် ဆရာ ဆရာများကို ထောက်ပံ့ပေးရန် TLEC က စုဆောင်းထားသည့် ဆန်ဟု မသိဘဲ TNLA ပိုင် ဆန်အိတ်များ ထင်မှတ်ကာ ကိုးကန့် တပ်ဖွဲ့တပ်ရင်းများက သိမ်းယူသွားခြင်း ဖြစ်ကြောင်း ဆန်အိတ်ပြန်ပေးသည့် MNDAA က ပြောဆိုသည်ဟုလည်း သတင်းရင်းမြစ်ကပြောသည်။
MNDAA သည် ကွတ်ခိုင်မြို့ကို သိမ်းပိုက်ပြီးနောက် ကွတ်ခိုင်မြို့ရှိ TNLA ပိုင် ပစ္စည်းများသာမက တအာင်း အရပ်ဖက်အဖွဲ့အစည်းများ၏ ပစ္စည်းများ၊ ကွတ်ခိုင် သူနာပြုကောလိပ် – ADN ကျောင်းပိုင် ပစ္စည်းများကိုလည်း ယူဆောင်သွားကြသည်။
#MeKongNews
#MNDAA
#သိမ်းယူ
#တအာင်းပြည်ပညာရေးကောင်စီ
#ဆန်အိတ်များ
#ပြန်ပေး








