မဲခေါင်၊ ဧပြီ ၃
ကိုးကန့်တပ်ဖွဲ့ – MNDAA က ဖမ်းဆီးသွားသည့် ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA တပ်ဖွဲ့ဝင် ၉ ဦးအနက် ၅ ဦးကိုသာ ပြန်လွှတ်ပေးပြီး ၄ ဦးကို ကိုးကန့်တပ်ဖွဲ့ဝင်အဖြစ် အတင်းအဓမ္မ တပ်သား စုဆောင်းခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ဖမ်းဆီးခံရသူများအနက် နမ့်ဝါကျေးရွာမှ တာကုန်ဝါ၊ တာကုန်ဖောင်၊ မိုင်းပိုအောင် နှင့် ရှောက်ရွှေကျင်ကျေးရွာမှ တာကုန်အကောဆိုသူ ၄ ဦးကို MNDAA က ပြန်လွှတ်မပေးပဲ ၎င်းတို့တပ်ထဲ အဓမ္မ စစ်မှုထမ်းခိုင်းခဲ့ခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
ဖမ်းဆီးခံရသည့် ယင်း ၄ ဦးကို ပြန်လွှတ်ပေးရန် မိသားစုဝင်များက သွားရောက် ညှိနှိုင်းခဲ့သော် လည်း MNDAA က ညှိနှိုင်းမခံဘဲ အသက်မသေလိုလျှင် ပါးစပ်ပိတ်ပြီး ပြန်သွားရန်သာ ခြိမ်းခြောက်ခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။
“သွားညှိတာ ပြန်မလွှတ်ပေးဘူး။ ကိုးကန့်တရုတ်ရဲ့တပ်သား လုပ်လိုက်ပြီလို့ပဲ ပြောတယ်တဲ့။ မိသားစုက သွားညှိကြတာ။ ၅ ယောက်ရပြီး၊ ကျန် ၄ ယောက်က ညှိခွင့်မရဘူး။ မသေချင်ရင် ပါးစပ်ပိတ်ထားပြီး ပြန်သွားလို့ပဲ ပြောခံရတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ကျန် ၄ ဦးကိုလည်း ပြန်လွှတ်ရန် သွားရောက် ညှိနှိုင်းရာတွင် မိသားစုများသည်ဟု အကြောင်းပြကာ MNDAA က ညှိနှိုင်ခွင့်မပေးဘဲ သားသမီးများအစား ကိုးကန့်တပ်တွင့် စစ်မှုထမ်းခိုင်း ဖြစ်ကြောင်း၊ သို့သော် ၎င်းတို့၏ သားသမီးများမှာ အသက် ၁၃ နှစ်အောက်အရွယ်သာ ရှိသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် မတ် ၁၄ ရက်တွင် စတင် ဖြစ်ပွားခဲ့သည့် MNDAA နှင့် TNLA နှစ်ဖက်ပဋိပက္ခအတွင်း နမ်ဝါကျေးရွာမှ ၅ ဦး ၊ ရှောက်ရွှေကျင်ရွာမှ ၂ ဦး ၊ ပန်စီတိုင်ရွာမှ တစ်ဦးနှင့် နမ့်ဟာမှ တစ်ဦး စုစုပေါင်း TNLA တပ်ဖွဲ့ဝင် ၉ ဦးကို ဖမ်းဆီးသွားခဲ့ပြီး မတ်၂၃ ရက်တွင် ရှောက်ရွှေကျင်ရွာမှ ၁ ဦး၊ ပန်စီတိုင်ရွာမှ တစ်ဦး၊ နမ့်ဝါရွာမှ တစ်ဦးနှင့် နမ့်ဟာရွာမှာတစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့သည်။
ထို့ပြင် လက်ရှိတွင် နမ့်ဝါရွာမှ တာကုန်အဆမ်းဆိုသူကိုလည်း စစ်မှုထမ်းခိုင်းရန်အတွက် MNDAA က လိုက်လံ ရှာဖွေနေသဖြင့် ကာယကံရှင်မှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
ကိုးကန့်တပ်ဖွဲ့ – MNDAA က ဖြစ်စဉ်အတွင်း ဖမ်းဆီးခဲ့သည့် တအာင်းတပ်ဖွဲ့ – TNLA တပ်ဖွဲ့ဝင် အားလုံးကို ပြန်လွှတ်သည်ဟုဆိုသော်လည်း လက်တွေ့မြေပြင်တွင်မူ ကွဲလွဲမှုများရှိနေသည်ကို စုံစမ်းသိရှိရခြင်း ဖြစ်သည်။
#MeKongNews
#MNDAA
#မုံးကိုး
#TNLA
#အဓမ္မ








