မဲခေါင်၊ ဧပြီ ၂
တာချီလိတ်မြို့မှ နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်သည့် ရီဂျီးနားဟိုတယ်တွင် အခြေပြုသည့် အွန်လိုင်းလောင်းကစားရုံကို ယနေ့ ဧပြီလ ၂ ရက် နေ့လယ်ပိုင်းက စစ်တပ်နှင့် ရဲများ ဝင်ရောက်ဖမ်းဆီးကြောင်း ဒေသခံများထံမှ သိရသည်။
တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ)ရပ်ကွက်ရှိ Regina – ရီဂျီးနား ဟိုတယ်ကို ဝင်ရောက်ဖမ်းဆီးရာတွင် ထိုင်းနိုင်ငံသားများနှင့် အွန်လိုင်းလောင်းကစားဆက်စပ်ပစ္စည်းများ ဖမ်းမိသည်ဟု သိရကြောင်း ဆန်းဆိုင်း (ခ) ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
“ဘာလို့ ဝင်ဖမ်းလဲတော့မသိဘူး။ ရဂျီးနားက နာမည်ကြီးပဲ။ အရင်ကတည်းက။ ပစ္စည်းတွေရော၊ လူတွေရော၊ ပိုက်ဆံတွေရော မိတယ်” ဟု ၎င်းက ပြောသည်။
ရဂျီးနားဟိုတယ်ကို ဖမ်းဆီးရာတွင် ထိုင်းနိုင်ငံသား အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၂၁ ဦးကို ဖမ်းမိပြီး ထိုင်းဘတ်ငွေ ၆၅ သိန်းကိုလည်း သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
ထို့ပြင် ကွန်ပြူတာ မော်နီတာ အလုံး ၂၀၀ ကျော်၊ စစ်စတမ်ပုံး အလုံး ၁၀၀ ကျော်၊ CPU အလုံး ၈၀ ကျော်၊ ဖုန်း အလုံး ၄၀၀ ကျော်နှင့် လက်ပ်တော့ ၁၇ လုံးကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။
ရဂျီးနားဟိုတယ်မှာ တာချီလိတ်မြို့တွင် အထင်ကရ ဟိုတယ်တစ်ခုဖြစ်ပြီး ဂေါက်ကွင်းလည်း တွဲလျက်ရှိသည့် ဟိုတယ်ဖြစ်သည်။
#MeKongNews
#တာချီလိတ်
#ရဂျီးနားဟိုတယ်
#ထိုင်းနိုင်ငံသား
#အွန်လိုင်းလောင်းကစား








