မဲခေါင်၊ ဧပြီ ၁
ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာတွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် မြေပွဲစားများက ပြည်သူ့စစ်နှင့် ရဲများအားကိုးဖြင့် ရွာအားဖျက်သိမ်းရန် ခြိမ်းခြောက်ပြောဆိုပြီး ဒေသခံရွာသား ၁၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးသွားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
မတ် ၂၉ ရက်တွင် PNO တပ်ဖွဲ့ဝင်ဖြစ်သည့် မြေပွဲစားများဖြစ်သော ဦးခွန်အုန်း၊ ခွန်လကျော်၊ ခွန်မောင်ဟန်၊ ခွန်စင်ခံထွက်ပေ၊ ခွန်မောင်နီ၊ ခွန်မောင်မြတို့သည် စစ်ကောင်စီ ရဲတပ်ဖွဲ့များကို ခေါ်လာကာ ဒေသခံများကို နေအိမ်များအား ဖျက်သိမ်းခိုင်းပြီး ရွာအတွင်းမှ ထွက်ခွာခိုင်းခြင်းဖြစ်သည်။
ထို့နောက် မတ် ၃၀ ရက်တွင် PNO တပ်ဖွဲ့ဝင်များကို ထပ်မံခေါ်လာကာ ဒေသခံ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များကပြောသည်။
“၂၉ ရက်က PN Oမြေပွဲစားတွေ ရဲတွေနဲ့ လာပြီး ခြိမ်းခြောက်သွားတယ်။ မနေ့မှာတော့ ရဲမပါတော့ဘူး PNO ပြည်သူ့စစ်သားတွေနဲ့ ထပ်လာပြီးတော့မှ သူတို့မသင်္ကာတဲ့ လူ ၁၀ ယောက်ကျော်ကို ဖမ်းသွားတယ်။ ယောင်္ကျားရော မိန်းမရောပါတယ် သူတို့ဖမ်းသွားတာ၊ ပြီးတော့ သူတို့ဖမ်းသွားတဲ့ လူတွေရဲ့ တချို့အိမ်ကိုလည်း ဖျက်ဆီးသွားတယ် ”ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဒေသခံရွာသား ၁၀ ဦးကျော်ကို PNO က မည်သည့်နေရာသို့ ဖမ်းဆီးသွားသည်ကို မသိရသေးသလို အဆက်အသွယ်လည်း မရသေးဘဲ ပျောက်ဆုံးနေကြောင်း ၎င်းက ပြောသည်။
ရဲစခန်းမှာလည်း မရှိဘူးတဲ့၊ PNO တွေ ဖမ်းသွားတာဆိုတော့ ဘယ်ဘက်ကို ဖမ်းသွားတာလည်း မသိရသေးဘဲ ပျောက်နေတယ်။ ရွာမှာ ကျန်တဲ့သူတွေ အရမ်းကြောက်နေကြတယ်၊ အိမ်မရှိတော့မှာကိုလည်း ကြောက်ရ အဖမ်းခံရမှာကိုလည်း ကြောက်နေရတယ်ဗျာ”ဟု ညောင်ဗက် ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့၊ နောင်တောင်ဘုန်းကြီးကျောင်း တောင်ဘက်တွင်ရှိသည့် ညောင်ဗက်ကျေးရွာသည် PNO အဖွဲ့အစည်း မပေါ်ခင်ကတည်းက ရွာတည်ရှိခဲ့ရာ သက်တမ်း နှစ် ၅၀ ကျော်ပြီဖြစ်သည်။
သို့သော် ယင်းကျေးရွာသည် စစ်တပ်ပိုင်မြေပေါ် တည်ရှိသည်ဟု ဆိုကာ ယခင်ကတည်းက ဒေသခံများကို အကြိမ်ကြိမ် နှင်ထုတ်ဖူးသည်။
“သူတို့ လာခြိမ်းခြောက်တုန်းက ဒီမှာရှိတဲ့ အိမ်တွေကို ဖျက်ပြီး ဘုန်းကြီးကျောင်း မြောက်ဘက်က သူတို့ အကွက်ဖော်ထားတဲ့ မြေကွက်ဆီကို ပြောင်းရွှေ့ပေးပါတဲ့၊ မရွှေ့ပေးရင် ဘူဒိုဇာနဲ့ ထိုးဖျက်မယ်တဲ့။ သူတို့ပြောတဲ့ မြေကွက်ကို ပြောင်းနေရင်လည်း တစ်ကွက်ကို သိန်း ၅၀ ပေးရမယ်တဲ့”ဟု ဒေသခံတစ်ဦးက ပြောသည်။
PNO မြေပွဲစားများ ပြောင်းရွေ့ခိုင်းသည့် နေရာသည် ဘုရားဖြူ ကျေးရွာခံများ ပိုင်ဆိုင်သည့် မြေနေရာသာ ဖြစ်ပြီး ယင်းမြေနေရာကိုလည်း PNO မြေပွဲစားများက အကွက်ရိုက် ရောင်းစားနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ကျနော်တို့ ဒီမှာနေတာ PNO မရှိခင်ကတည်းက နေတာ။ ရွာသက်တမ်းက နှစ် ၅၀ကျော်ရှိနေပြီ၊ ဒါကိုလည်း ကျူးကျော်တဲ့၊ ဒီမှာမွေး ဒီမှာနေ ဒီမှာသေတဲ့ ဒေသခံစစ်စစ်ပါဗျ၊ အခုဆို သူတို့က ဟိုပုံး-နောင်တောင်းလမ်းမ အရှေ့ဘက်မှာရှိတဲ့ အိမ်တွေကို အကုန်ပြန်ဖျက်ခိုင်းနေတာ အိမ်ခြေ ၂၇၀ ကျော် ၃၀၀ နီးပါးရှိတယ်။ အကုန်လုံး ဒေသခံ ပအိုဝ်းတွေကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းညောင်ဗက်ကျေးရွာ၏ မြေယာအရေးနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် စာတင်ဖူးသော်လည်း စစ်ကောင်စီတပ်က ယင်းမြေနေရာသည် တပ်နှင့် မဆိုင်တော့ကြောင်း ၂၀၁၅ ခုနှစ်ကတည်းကပင် နိုင်ငံတော်မှတဆင့် ဒေသခံများအား ပြန်ပေးရန် PNO ပါတီက ဥက္ကဌနေရာယူပြီး ဦးဆောင်ဖွဲ့စည်းထားသည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို လွဲပြောင်းခဲ့ပြီ ဖြစ်ကြောင်း အကြိမ်ကြိမ် ပြန်လည် ပြောဆိုခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ဟိုပုံး – လွိုင်လင် ကားလမ်းမကြီး မြောက်ဘက်ရှိ မြေဧက တစ်သောင်းလေးထောင်ကျော်ကို စစ်တပ်က ၁၉၉၂ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်မှတစ်ဆင့် ဒေသခံများအား ပြန်ပေးရန် ပြန်လည်အပ်နှံခဲ့သည်။
နိုင်ငံတော်မှ ဒေသခံများ လက်ဝယ်အရောက် ပြန်ပေးရန် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို တာဝန်ပေးအပ်ခဲ့ရာ PNO ဥက္ကဌ ခွန်စံလွင် ခေါင်းဆောင်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ဒေသခံများကို မြေပြန်မပေးပဲ မြို့ရပ်ကွက် တိုးချဲ့မည်ဟုဆိုကာ PNO ကိုပြန်ချပေးပြီး မတရား သိမ်းဆည်းခဲ့သည့်မြေ ဖြစ်ကြောင်း သိရသည်။
#MeKongNews
#ညောင်ဗက်ကျေးရွာ
#ဖျက်သိမ်း
#ခြိမ်းခြောက်ပြီး
#ရွာခံ
#PNO








