မဲခေါင် ၊ မတ် ၃၀
တရုတ်က အလိုရှိနေသည့် တရားခံပြေး ၇ ဦးကို ဝ ဒေသတွင်းရှိ နေရာအသီးသီးမှ ဖမ်းဆီးကာ လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ – UWSA က ယနေ့တွင် သတင်းထုတ်ပြန်သည်။
တရုတ်က တောင်းဆိုထားသည့် ယင်းတရားခံပြေး ၇ ဦးကို ဖမ်းဆီးကာ နယ်စပ်ဂိတ်အသီးသီးမှ အမှုဆိုင်ရာ စာရွက်စာတမ်းဖြင့် လွဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု UWSA က ဆိုသည်။
ယင်းဖမ်းဆီးလွှဲပြောင်းပေးလိုက်သည့် တရားခံပြေး တရုတ် ၇ ဦးတွင် အမျိုးသား ၆ ဦးနှင့် အမျိုးသီး တစ်ဦးပါဝင်သည်ကို တွေ့ရသည်။
UWSA ၏ သတင်းထုတ်ပြန်ချက်တွင် တရုတ် တရားခံပြေး ၇ ဦးကို ဖမ်းဆီးကာ တရုတ်တောင်းဆိုထားသည့်အတိုင်း နယ်စပ်အသီးသီးမှ လွှဲပြောင်းပေးလိုက်သည်ဟုသာ ပါရှိပြီး မည်သည့် အမှုအမျိုးအစားနှင့် ပတ်သက်သည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
တရုတ်၏ တောင်းဆိုမှုအရ သတင်းရရှိချိန်မှ စ၍ တည်နေရာတိကျစွာ ခြေရာခံရှာဖွေခြင်း၊ ဖမ်းဆီးနိုင်ခြင်းနှင့် နောက်ဆုံး လွှဲပြောင်းပေးနိုင်ခြင်းအထိ “ဝ”တပ်ဖွဲ့ တရားရေးကော်မတီက ပူးပေါင်း ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
နယ်စပ်ဒေသ၏ ပထဝီဝင် အခက်အခဲများကို အသုံးချကာ ဥပဒေမှ လွတ်မြောက်ရန် ကြိုးပမ်းသော အမှုပါဝင်သူများကို UWSA အနေဖြင့် တင်းကျပ်စွာ တိုက်ဖျက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။
ထို့ပြင် “ဝ”တပ်ဖွဲ့ တရားရေးကော်မတီနှင့် တရုတ်တို့သည် နယ်စပ်ထိန်းချုပ်မှု၊ ပြစ်မှုတိုက်ဖျက်ရေးနှင့် တရားရေးပူးပေါင်းဆောင်ရွက်မှုများတွင် သတင်းအချက်အလက် မျှဝေမှုမှ စ၍ ပူးပေါင်းစစ်ဆင်ရေးများ၊ ကိစ္စတစ်ခုချင်းစီ စစ်ဆေးမှုမှ စနစ်တကျ လွှဲပြောင်းမှုစနစ်များအထိ အတူတကွ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
“ဝ”တပ်ဖွဲ့ – UWSA သည် ပြီးခဲ့သည့် မတ် ၂၆ ရက်တွင်လည်း ဖမ်းဆီးမိသည့် တရုတ်ကျားဖြန့် ၂၆ ဦးကို ပန်ဆန်းနယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
#MeKongNews
#တရုတ်
#အလိုရှိ
တရားခံပြေး
#UWSA
#ဖမ်းဆီး








