မဲခေါင်၊ မတ် ၃၀
မြန်ဆန်စွာ လျော့နည်းကျဆင်းလာသော အရန်ရေနံများကို ပြန်လည် ဖြည့်တင်းရန် ဖိလစ်ပိုင်နိုင်ငံက ကြိုးပမ်းနေချိန်တွင် အလွန် လိုအပ်နေသောကြောင့် ရုရှားရေနံစိမ်း စည်ပေါင်း ၂ သန်းခွဲကို ဖိလစ်ပိုင်၏ တစ်ခုတည်းသော ရေနံချက်စက်ရုံက ရယူလိုက်သည်ဟု စတော့ဈေးကွက်သို့ အသိပေးစာတစ်စောင်အရ သိရသည်။
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ပွဲကြောင့် ဟောမုဇ်ရေလက်ကြား သင်္ဘောဖြတ်သန်းမှုများ လုံးဝနီးပါး ပြတ်တောက်နေခဲ့ရာ ဖိလစ်ပိုင်နိုင်ငံတွင်လည်း ရေနံဈေးနှုန်းများ စံချိန်တင် မြင့်တက်ခဲ့ကာ အရန်ရေနံများ ဇွန် ၃၀ ရက် အထိရှိကြောင်း သမ္မတ မားကို့စ်က မကြာသေးမီက ပြောကြားသည်။
ရုရှားရေနံစိမ်းများ တင်ဆောင်လာသော ရေနံတင်သင်္ဘောတစ်စီးသည် ဖိလစ်ပိုင်၏ တစ်ခုတည်းသော ရေနံချက်စက်ရုံ Petron Corp က လုပ်ကိုင်နေသော ဆိပ်ကမ်းသို့ ဆိုက်ရောက်နေကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် အေအက်ဖ်ပီသတင်းက ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ခဲ့ပြီးနောက်တွင် ဖိလစ်ပိုင်သို့ ပေးပို့မည့် ရေနံစိမ်း စည်ပေါင်း အနည်းဆုံး ၄ သန်း ဖျက်သိမ်းခံခဲ့ရပြီးနောက် ရုရှားရေနံစိမ်းဝယ်ယူရန် သဘောတူခဲ့သည်ဟု ဖိလစ်ပိုင် စတော့ရှယ်ယာဈေးကွက်ထံ ပေးပို့သောစာတွင် Petron က ပြောကြားသည်။
ယခင်က မကြုံခဲ့ဖူးသော ပထဝီနိုင်ငံရေး အခြေအနေနှင့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များ ပြတ်တောက်မှုများနှင့်အတူ လိုအပ်ချက် အလွန်မြင့်မားနေသောကြောင့်သာ ရုရှားရေနံ ဝယ်ယူမှု လုပ်ဆောင်ခဲ့သည်ဟု ကုမ္ပဏီက ဆက်ပြောသည်။
ရေနံစိမ်းရှာဖွေရန် ပျက်ကွက်ပြီး ရေနံချက်စက်ရုံကို ပိတ်သိမ်းလိုက်ရပါက နိုင်ငံတစ်ဝန်းတွင် ဆိုးရွားသော လောင်စာပြတ်လပ်မှုများနှင့် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ဖိလစ်ပိုင်ကုမ္ပဏီက ဆက်ပြောသည်။
Petron Corp က ဖိလစ်ပိုင်နိုင်ငံ၏ လောင်စာလိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ဖြည့်တင်းပေးနေကြောင်း သိရသည်။
ပင်လယ်ပြင်တွင် ရောက်ရှိနေသော ရုရှား ရေနံများကို ဧပြီ ၁၁ ရက်အထိ ဝယ်ယူနိုင်ကြောင်း အမေရိကန်က ၎င်းတို့၏ ရုရှားရေနံအပေါ် ပိတ်ဆို့မှုကို လျှော့ပေးထားသည်။
အေးကျော်
Ref: AFP
#MeKongNews
#ရုရှား
#ရေနံစိမ်းစည်
#ဖိလစ်ပိုင်
#ဝယ်ယူ








