~ လင်းမောင် ~
တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုသည် ပိုမိုပြင်းထန်ပြီး ကျယ်ပြန့်သော အဆင့်သို့ ရောက်ရှိလာပုံရသည်။ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်လာပြီး တရားစွဲဆိုမှုများကို မြန်ဆန်အောင် ဆောင်ရွက်လာသည်နှင့်အမျှ ပြည်နယ်အသီးသီးရှိ အချုပ်ခန်းများတွင် လက်ရှိတာဝန်ထမ်းဆောင်နေသူများနှင့် အနားယူပြီးသား အရာရှိများပါ ပြည့်နှက်နေကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာစနစ်အတွင်းရှိ သတင်းရင်းမြစ်များ၏ အဆိုအရ၊ ကာလရှည်ကြာစွာ အုပ်ချုပ်ရေးယန္တရား သန့်စင်ရေးအစီအစဉ်အဖြစ် တင်ပြခဲ့သည့် ဤလှုပ်ရှားမှုသည် ယခုအခါ ပိုမိုကျယ်ပြန့်သော နိုင်ငံရေးအရ အကျိုးအမြတ်ထုတ်မှုအသွင်သို့ ပြောင်းလဲလာကာ အရာရှိများ၏ အတိတ်က အပြုအမူများ၊ သစ္စာစောင့်သိမှုများနှင့် ဘဏ္ဍာရေးကွန်ရက်များကို ပြန်လည်စစ်ဆေးသည့် ပစ်မှတ်ထားမှုတစ်ခု ဖြစ်လာခဲ့သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်း ဒေသများ၊ အထူးသဖြင့် ရှန်တုန်း (Shandong) နှင့် ဟီနန် (Henan) ပြည်နယ်များရှိ အကျဉ်းထောင်များတွင် ယခုနှစ်ဆန်းပိုင်းမှစတင်၍ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုများနှင့် ဆက်နွှယ်သည့် ဖမ်းဆီးခံရသူများ အဆက်မပြတ် ရောက်ရှိလာနေသည်။ ဖမ်းဆီးခံရသူများထဲတွင် အနားယူပြီးသား ဗျူရိုအဆင့် အရာရှိများနှင့် နိုင်ငံပိုင်လုပ်ငန်းများမှ အဆင့်မြင့်အမှုဆောင်များ ပါဝင်နေခြင်းက ဤဖမ်းဆီးမှုများသည် လက်ရှိတာဝန်ထမ်းဆောင်နေသော ကေဒါများထက် ကျော်လွန်၍ ကျယ်ပြန့်လာနေခြင်းကို ပြသနေသည်။
ဤအခြေအနေများကို သိရှိသူများ၏ ပြောကြားချက်အရ၊ ဤတွန်းအားပေးမှုသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် တိတ်တဆိတ် စတင်ခဲ့သည့် “နောက်ကြောင်းပြန် စုံစမ်းစစ်ဆေးမှု” (Retroactive investigation) လှုပ်ရှားမှုမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ဤလှုပ်ရှားမှုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များ၊ ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ်များနှင့် နိုင်ငံရေးအရ ပြုမူဆောင်ရွက်ချက်များကို ပြန်လည်စစ်ဆေးနေခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများကို ဦးစွာ လျှို့ဝှက်စွာ ထိန်းသိမ်းထားလေ့ရှိပြီး အရာရှိများက အတွင်းပိုင်းတွင် “အမြန်စစ်ဆေး၊ အမြန်စီရင်” (Fast trials and fast sentencing) ဟု ခေါ်ဆိုသည့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လာသည်။ ဖမ်းဆီးခံရချိန်မှစ၍ ပြစ်ဒဏ်စီရင်ချိန်အထိ လုပ်ငန်းစဉ်တစ်ခုလုံးမှာ သိသိသာသာ တိုတောင်းသွားပုံရသည်။
တရုတ်နိုင်ငံ၏ အကျဉ်းထောင်စနစ်အကြောင်း သိရှိသူတစ်ဦးက အချုပ်ခန်းများအတွင်း ဤအပြောင်းအလဲကို သိသာစွာ တွေ့မြင်နေရကြောင်း ပြောကြားခဲ့သည်။ “အသစ်ရောက်လာသူ အများစုဟာ တစ်ချိန်က အာဏာအတော်အတန် ရှိခဲ့ဖူးတဲ့ အရာရှိဟောင်းတွေ ဖြစ်ကြပါတယ်။ အချို့ကတော့ ယွမ်သန်းပေါင်းများစွာ လာဘ်စားခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေပါ” ဟု သတင်းရင်းမြစ်က ဆိုသည်။ “ပါတီတွင်း အကျဉ်းသားအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာပါတယ်”။
အဂတိလိုက်စားမှု အမှုများကို ကိုင်တွယ်နေသည့် ဥပဒေပညာရှင်များကလည်း တရားစီရင်ရေး လုပ်ငန်းစဉ်များ၏ အရှိန်အဟုန်မှာ သိသိသာသာ မြန်ဆန်လာကြောင်း ပြောကြားကြသည်။ လာဘ်ပေးလာဘ်ယူမှု အများအပြားကို ကိုင်တွယ်ခဲ့ဖူးသည့် ဝမ်ကျိုး (Wenzhou) မှ ရှေ့နေတစ်ဦးက ယခင်က တစ်နှစ်ကျော် ကြာမြင့်လေ့ရှိသည့် လုပ်ငန်းစဉ်များသည် ယခုအခါ ကိုးလအောက်တွင်ပင် ပြီးဆုံးသွားလေ့ရှိကြောင်း မှတ်ချက်ပြုသည်။ ဤမြန်ဆန်မှုနောက်ကွယ်တွင် ယင်းအမှုများကို ဘယ်ကဲ့သို့ စီရင်ဆုံးဖြတ်နေသလဲဆိုသည့် မေးခွန်းများကို ထွက်ပေါ်စေသည်။ အချို့အမှုများတွင် အစပိုင်း၌ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့သည့် တရားခံများ၏ မိသားစုများက တရားခွင်တွင် ရုတ်တရက် ဝန်ခံလိုက်ကြသည်ကို တွေ့ရသဖြင့် လူမမြင်ကွယ်ရာတွင် သဘောတူညီချက်များ ရရှိခဲ့ပုံရသည်ဟု သတင်းပေးပို့ကြသည်။
ကျယ်လောင်လာတဲ့ နိုင်ငံရေး သတိပေးခေါင်းလောင်းသံ
နောက်ဆုံးပေါ် စုံစမ်းစစ်ဆေးမှုများသည် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ဖြစ်သည့် ဗဟိုစည်းကမ်းထိန်းသိမ်းရေး ကော်မရှင် (CCDI) ၏ ထုတ်ပြန်ချက်များ သိသိသာသာ များပြားလာချိန်နှင့် တိုက်ဆိုင်နေသည်။ ၂၀၂၆ ခုနှစ် အစပိုင်းတွင် အဆိုပါအဖွဲ့က ဘဏ္ဍာရေး၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် အဓိက နိုင်ငံပိုင်လုပ်ငန်းများ အပါအဝင် အရေးပါသော ကဏ္ဍများတွင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အစီရင်ခံခဲ့သည်။
ပါတီအဆင့်ဆင့်ရှိ သြဇာကြီးသော “ကျား” (Tigers) များ နှင့် ဒေသန္တရ အုပ်ချုပ်ရေးရှိ အလယ်အလတ်အဆင့် “ယင်ကောင်” (Flies) များကို အဓိကထားခဲ့သည့် လှုပ်ရှားမှု၏ အစောပိုင်း အဆင့်များနှင့်မတူဘဲ၊ လက်ရှိလှုပ်ရှားမှုမှာ အနားယူပြီးသား အရာရှိများကို ပုံမှန်ထက်ပို၍ အလေးထားနေပုံရသည်။ ယင်းသည် အရေးကြီးကြောင်း သုံးသပ်သူများက ဆိုသည်။ အနားယူပြီးသား ကေဒါအများအပြားသည် ရာထူးမှ ထွက်သွားပြီးနောက်ပိုင်းတွင်လည်း ဒေသန္တရနိုင်ငံရေး၊ နိုင်ငံပိုင်လုပ်ငန်းများနှင့် ဒေသတွင်း အကျိုးစီးပွားကွန်ရက်များအပေါ် အလွတ်သဘော သြဇာညောင်းနေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။
ပါတီတွင်း အပြောင်းအလဲများကို သိရှိသော တရုတ်နိုင်ငံအခြေစိုက် ပညာရှင်တစ်ဦးက ဤလှုပ်ရှားမှုသည် နိုင်ငံရေးအရ အာဏာခိုင်မာစေရန်နှင့် စီးပွားရေးအရ ဖိအားပေးရန် ရည်ရွယ်ချက်များ ပေါင်းစပ်ထားသည်ဟု ယူဆသည်။ နိုင်ငံရေးအရ၊ ဗဟိုအာဏာကို စိန်ခေါ်နိုင်မည့် အမြစ်တွယ်နေသော ကွန်ရက်များကို ဖြိုခွဲရန်နှင့် စနစ်တစ်ခုလုံးရှိ အရာရှိများ၏ သစ္စာစောင့်သိမှုကို ပြန်လည်အကဲဖြတ်ရန် ခေါင်းဆောင်ပိုင်းက ရည်ရွယ်ပုံရသည်။ သို့သော် ဘဏ္ဍာရေးဆိုင်ရာ စဉ်းစားချက်များလည်း ပါဝင်နိုင်သည်။ ဒေသန္တရအစိုးရများ ဘဏ္ဍာရေး အကျပ်အတည်းဖြစ်နေချိန်တွင် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုများသည် တရားမဝင် ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်နှင့် အရာရှိများနှင့် ၎င်းတို့၏ အပေါင်းအပါများထံတွင် ရှိနေသည်ဟု ယူဆရသော ရန်ပုံငွေများကို ပြန်လည်ရယူရန် လမ်းစတစ်ခု ဖြစ်လာစေသည်။
စုံစမ်းစစ်ဆေးရေး အရင်းအမြစ်များကို ပြောင်းလဲသုံးစွဲခြင်း
ဤလှုပ်ရှားမှုသည် အထက်တန်းလွှာများထက် ကျော်လွန်၍ ပိုမိုကျယ်ပြန့်လာသည်။ ဟူနန် (Hunan) ပြည်နယ်မှ သတင်းရင်းမြစ်များ၏ အဆိုအရ၊ ဥပဒေစိုးမိုးရေး အေဂျင်စီများသည် ဝန်ထမ်းများကို အဂတိလိုက်စားမှု ကွန်ရက်များနှင့် ဆက်နွှယ်သည့် စီးပွားရေး ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဘက်သို့ စတင်ပြောင်းလဲ တာဝန်ပေးနေပြီ ဖြစ်သည်။ ဒေသခံ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦး၏ အဆိုအရ၊ စုံစမ်းစစ်ဆေးသူများသည် အခွန်ဆိုင်ရာ ချိုးဖောက်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ မမှန်ကန်မှုများမှ စတင်ကာ ပတ်သက်ဆက်နွှယ်နေသည့် အရာရှိများ၏ ဆွေမျိုးများနှင့် စီးပွားရေးမိတ်ဖက်များအထိ အဆင့်ဆင့် တိုးမြှင့်စစ်ဆေးသည့် နည်းလမ်းကို အသုံးပြုနေကြသည်။ ဤပြောင်းလဲမှုကြောင့် စုံစမ်းစစ်ဆေးနိုင်စွမ်းမှာ အကန့်အသတ်ဖြစ်လာသည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့များက အဂတိလိုက်စားမှုနှင့် ဆက်နွှယ်သည့် စုံစမ်းစစ်ဆေးမှုများကို အဓိကထား လုပ်ဆောင်နေရသဖြင့် ပုံမှန်ရာဇဝတ်မှု အချို့မှာ ကြန့်ကြာမှုများ ရှိနေသည်။
ထိန်းချုပ်မှု၊ တည်ငြိမ်မှုနှင့် အာဏာ
တရုတ်ခေါင်းဆောင်ပိုင်းအတွက်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများသည် အစိုးရအရာရှိများ၏ အလွန်အကျွံ ပြုမူမှုများအပေါ် ပြည်သူလူထု၏ ဒေါသကို ထိန်းညှိရန်၊ ဗျူရိုကရေစီယန္တရားကို စည်းကမ်းသတ်မှတ်ရန်နှင့် ဗဟို၏ ထိန်းချုပ်မှုကို အားဖြည့်ရန် စသည့် ရည်ရွယ်ချက်များစွာအတွက် အသုံးဝင်ခဲ့သည်။ သို့သော် လက်ရှိလှုပ်ရှားမှုမှာ ပိုမိုစနစ်ကျသော အပြောင်းအလဲကို အချက်ပြနေပုံရသည် ။ အတိတ်က အမှုများကို ပြန်လည်စစ်ဆေးခြင်း၊ အနားယူပြီးသား အရာရှိများကို ပစ်မှတ်ထားခြင်းနှင့် တရားစီရင်ရေး လုပ်ငန်းစဉ်များကို မြန်ဆန်စေခြင်းအားဖြင့်၊ စီးပွားရေး မရေရာမှုများနှင့် ပါတီတွင်း အုပ်စုကွဲမှုများ ရှိနေချိန်တွင် ပါတီတွင်းရှိ ၎င်း၏ အဆင့်အတန်းများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအဖြစ် စတင်ခဲ့သည့် အရာသည် ယခုအခါ နိုင်ငံရေးအရ စီမံခန့်ခွဲသည့် ကိရိယာတစ်ခုအဖြစ် ပိုမိုလုပ်ဆောင်လာပြီး၊ စနစ်အတွင်းရှိ သစ္စာစောင့်သိမှုများကို ပြန်လည်ပုံဖော်ကာ ဗဟိုခေါင်းဆောင်မှု၏ အာဏာကို ပိုမိုခိုင်မာစေသည်။ တရုတ်နိုင်ငံ၏ ကြီးမားလှသော ဗျူရိုကရေစီယန္တရားအတွက် ပေးလိုက်သော သတင်းစကားမှာ ရှင်းလင်းလှသည် – အလုပ်မှ အနားယူသွားခြင်းသည် စစ်ဆေးမေးမြန်းမှုများမှ ကင်းလွတ်ခွင့်ရသည့် ဒိုင်းလွှားတစ်ခု မဟုတ်တော့ပေ။
#MeKongNews








