မဲခေါင်၊ မတ် ၂၈
စစ်ကောင်စီနှင့် ဆိုင်ထားသည့် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီးရှိ တအာင်းတပ်ဖွဲ့ – TNLA စခန်းတစ်ခုကို ဖယ်ရှားပြီး ကိုးကန့်တပ်ဖွဲ့ – MNDAA က ဝင်ရောက်တပ်စွဲနေရာယူလိုက်ကြောင်း စယ်လန့်ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ် – နမ့်ခမ်း နယ်စပ်လမ်းမပေါ် တည်ရှိသည့် ယင်းစခန်းကို ယမန်နေ့ မတ် ၂၇ ရက်၊ ညနေ ၃ နာရီတွင် MNDAA က ဝင်ရောက် တပ်စွဲလိုက်ခြင်းဖြစ်ပြီး ယင်းဂိတ်တွင်ရှိသည့် TNLA တပ်ဖွဲ့များကမူ စယ်လန့်ကျေးရွာအဝင်ရှိ ၎င်းတို့၏ တပ်စခန်းဘက်သို့ ဆုတ်ခွာသွားခဲ့သည်။
“စယ်လန့်ရွာအနီး ဆိုင်းခေါင်မှာရှိတဲ့ အဲဒီဂိတ်က စစ်ကောင်စီတပ်စခန်းနဲ့ အနီးဆုံး ဆိုင်ထားတဲ့ နေရာမှာရှိတယ်။ တောင်ပေါ်မှာက စစ်ကောင်စီစခန်းရှိပြီးတော့ တောင်အောက်မှာက ပလောင်စခန်းပေါ့၊ အခုတော့ ကိုးကန့်တပ်က ဝင်ပြီး နေရာယူလိုက်ပြီ။ ပစ်ခတ်မှုတွေတော့ မဖြစ်ဘူး၊ လမ်းလည်းမပိတ်ဘူး၊ ဒီအတိုင်းပဲ ကိုးကန့်က ပလောင်တပ်ကို နောက်ဆုတ်ခိုင်းပြီး ဝင်နေရာယူလိုက်တာ”ဟု စယ်လန့် သတင်းရင်းမြစ်က ပြောသည်။
စယ်လန့်ကျေးရွာသည် မူဆယ် – နမ့်ခမ်းလမ်းမပေါ် ရွှေလီမြစ်ဘေးတွင် တည်ရှိပြီး မြန်မာ – တရုတ် ၂ နိုင်ငံ နယ်စပ်တွင်ရှိသည့် ကျေးရွာဖြစ်သည်။
လက်ရှိ စယ်လန့်ကျေးရွာတွင် MNDAA တပ်စွဲလိုက်ပြီဖြစ်၍ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့ကို တခြားအဖွဲ့က ထိမရအောင် ၎င်းတပ်ဖွဲ့က ကာရံထားသည့် အနေအထားဖြစ်သွားပြီဖြစ် ကြောင်း ရှမ်းမြောက် သတင်းရင်းမြစ်က ပြောသည်။
“တရုတ်က ဖြစ်စေချင်တဲ့အတိုင်း ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်။ ကိုးကန့်က အဲ့ဒီမှာ ထိုင်လိုက်ပြီဖြစ်လို့ မူဆယ်မြို့ကို ဘယ်အဖွဲ့မှ နှောက်ယှက်လို့ မရ၊ ထိလို့လည်းမရအောင် ကိုးကန့်က အပြင်စည်းမှာ ကာကွယ်ပြီး စကစက အတွင်းစည်းမှာ ကာကွယ်တဲ့ ပုံစံဖြစ်သွားတာပေါ့။ တစ်ဖွဲ့ဖွဲ့က စကစကို တိုက်ချင်ရင်တောင်မှ ကိုးကန့်ကို အရင်တိုက်ရမယ့် အနေအထား ဖြစ်သွားတာပေါ့”ဟု ရှမ်းမြောက် သတင်းရင်းမြစ်က မြေပြင်အနေအထားကို ရှင်းပြသည်။
၎င်း၏ ရှင်းပြချက်အရ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနှင့် မူဆယ်မြို့ကိုပါ ကိုးကန့်တပ်ဖွဲ့က ကာရံထားပြီဖြစ်သဖြင့် တရုတ်အလိုကျ ရှမ်းမြောက်ကုန်သွယ်မှုများ စတင်လာနိုင်ခြေရှိသည်။
“တရုတ်က အခြေအနေ ငြိမ်ပြီလို့ ယုံကြည်ရင် စစ်ကောင်စီနဲ့ ကုန်သွယ်မှု ပြန်စနိုင်ပါတယ်။ ကွတ်ခိုင် – မူဆယ် လမ်းမကြီးပေါ်မှာရှိတဲ့ SSPP နဲ့ KIA အခွန်ဂိတ်ကိုလည်း တရုတ်ဖိအားနဲ့ ဖယ်လိုက်ပြီဖြစ်လို့ တရုတ်အစီအစဉ်အတိုင်း သွားမယ့်အနေအထားလို့ ခန့်မှန်းလို့ရပါတယ်”ဟု သတင်းရင်းမြစ်က သုံးသပ်သည်။
သို့သော် စယ်လန့်ကျေးရွာ ပတ် ဝန်းကျင်တွင်မူ TNLA အပါအဝင် KIA နှင့် SSPP တပ်ဖွဲ့များလည်း လှုပ်ရှားလျက်ရှိသည်။
ယမန်နေ့တွင် မူဆယ် – နမ့်ခမ်းကြား စစ်ကောင်စီစခန်းနှင့် အနီးဆုံးရှိဂိတ်၌ MNDAA က ဝင်ရောက် နေရာယူထားပြီးသည့်အပြင် ဆိုင်းခေါင်ရှိ ဘုန်းကြီး ကျောင်းတွင်ပါ နေရာယူ တပ်စွဲလာသဖြင့် ၂ ဖွဲ့အကြား စစ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပေါ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေသည်။
မတ် ၁၄ ရက်မှ စတင်ကာ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တအာင်းတပ်ဖွဲ့ – TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ အပါအဝင် ကွတ်ခိုင် – မူဆယ် လမ်းမကြီးပေါ်ရှိ နေရာအများအပြားကို MNDAA က ဝင်ရောက် တိုက်ခိုက်ကာ ထိန်းချုပ်ထားခဲ့သည်။
#MeKongNews
#စစ်ကောင်စီ
#မူဆယ်
#နမ့်ခမ်း
#TNLA
#MNDAA








