မဲခေါင်၊ မတ် ၂၅
စစ်မှုထမ်းကင်းလွတ်ရန်ဟုဆိုကာ ရှမ်းပြည်တောင်ပိုင်း၊ အေးသာယာမြို့ အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်မောင်ကြည်က ဒေသခံများထံမှ လာဘ်ငွေတောင်းခံမှုများ ပြုလုပ်နေကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များကို ဆင့်ခေါ်ကာ မလိုက်နိုင်ပါက ကျပ် ၇၅ သိန်းခန့် ပေးဆောင်ရန် လာဘ်တောင်းကြောင်း သိရသည်။
ထိုကဲ့သို့ ငွေကြေးပေးဆောင်နိုင်သော မိသားစုများမှ ပေးငွေများကို အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးဖြစ်သူ ဦးဌေးလွင်တို့မှ ခွဲဝေယူကြောင်းလည်း ဒေသခံများက ဆိုသည်။
“စစ်မှုထမ်းမလိုက်နိုင်ရင် ၇၅ သိန်းပေးရမယ်လို့ တိုက်ရိုက်ပြောပါတယ်။ သူအဲ့လိုတွေ လုပ်နေတာကြာပြီ။ ခုက ကျမတို့ဘေးအိမ်က ကလေးက ရှေ့တစ်ပတ်လောက်ကမှ အဲလိုကြုံလို့ ပိုသိသွားတာပါ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ထို့ပြင် ငွေကြေးမတတ်နိုင်သော မိသားစုများ၏ လူငယ်များကို စစ်မှုထမ်းရန် ဖိအားပေးကာ အစားထိုးအဖြစ် စာရင်းသွင်းခိုင်းခြင်းများ ရှိနေကြောင်း ဒေသခံများက ဆက်လက် ပြောသည်။
“ပိုက်ဆံပေးနိုင်သူတွေက လွတ်နေပြီး မတတ်နိုင်တဲ့သူတွေကို ဖိအားပေးပြီး စစ်မှုထမ်းခိုင်းတာက မတရားဘူးလို့ ကျမတို့ ထင်ပါတယ်။ အခြား ပိုက်ဆံမတတ်နိုင်သော ကလေးကို ခြိမ်းခြောက်ပြီးတောင် စစ်မှုထမ်းလိုက်ရန် ဖောင်ဖြည့်ခိုင်းပါတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဆိုသည်။
ဒေသခံများက ဦးခင်မောင်ကြည်အား အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက် မရှိစေလိုကြောင်း ပြောဆိုကြပြီး အထက်အာဏာပိုင်များအနေဖြင့် ယင်းကဲ့သို့ မတရား ပြုလုပ်နေမှုများအား စုံစမ်းစစ်ဆေး၍ အရေးယူဆောင်ရွက်ပေးရန် လိုလားကြောင်း တောင်းဆိုထားသည်။
#MeKongNews
#အေးသာယာ
#ရပ်ကွက်အုပ်ချုပ်ရေးမှူး
#ဦးခင်မောင်ကြည်
#စစ်မှုထမ်းကင်း
#လာဘ်တောင်း








