မဲခေါင်၊ မတ် ၂၄
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တအာင်းပလောင်ကျေးရွာများကို ကိုးကန့်တပ်ဖွဲ့ – MNDAA က အဓမ္မစစ်မှုထမ်းခိုင်းနေကြောင်းဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ တာမိုးညဲ နှင့် တက္ကနိုင်းဒေသတွင်ရှိသည့် တအာင်းကျေးရွာများကို ကိုးကန့်တပ်ဖွဲ့က ၎င်းတို့၏ ယူနီဖောင်းများပေးပြီး စစ်မှုထမ်းခိုင်းခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်၂၂ ရက်တွင် မုံးစီးဒေသရှိ ကောင်းနိမ်၊ ပြိန်းလုံ၊ မန်ဂျယ်၊ ကောင်းခန်း၊ နမ့်မော၊ နမ့်ဆာ စသည့် ကျေးရွာများတွင် MNDAA က ၎င်းတို့၏ ယူနီဖောင်းများပေးကာ တစ်ရွာလျှင်၂ ဦး စစ်မှုထမ်းရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ယူနီဖောင်းပေးပြီး စစ်မှုထမ်းခိုင်းသော် လည်း သင်တန်းတက်ခိုင်းခြင်း၊ အမြဲတမ်းတပ်တွင် တာဝန်ထမ်းဆောင်ခိုင်းမျိုး မဟုတ်သေးဘဲ ရွာထဲတွင် ပြန်နေရသည့် ပြည်သူ့စစ်ပုံစံ စစ်မှုထမ်းခိုင်းခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
“သူတို့ တပ်တွေထဲ အမြဲတမ်းသွားနေရတဲ့ ပုံစံမျိုးတော့ မလုပ်သေးဘူး၊ အခုက ယူနီဖောင်းပေးပြီး ရွာထဲ ပြန်နေခိုင်းတယ်။ သူတို့ရဲ့ ပြည်သူ့စစ်လို လုပ်ခိုင်းတာမျိုးပေါ့၊ ပထမခြေလှမ်းအနေနဲ့ အမာခံလူစမွေးတဲ့ သဘောပေါ့ဗျာ။ ဒေသခံတွေကတော့ ကိုယ့်လူမျိုးတပ်လည်း မဟုတ်တော့ မလုပ်ချင်ကြဘူး။ ဒါပေမယ့် သူများကို မနိုင်တဲ့အခါကျတော့ လွန်ဆန်လို့ မရဘူးပေါ့ဗျာ”ဟု ၎င်းက ဆိုသည်။
ထို့ပြင် တားမိုးညဲနှင့် တက္ကနိုင်းဒေသရှိ ကျေးရွာတွင်လည်း MNDAA က ကျေးရွာအစည်းအဝေးခေါ်ပြီး ဒေသခံများကို ကိုးကန့်ယူနီဖောင်း မယူမနေရ ပေးဝေကာ ရွာစောင့် ပြည်သူ့စစ်တပ်သားအဖြစ် လုပ်ခိုင်းခဲ့သည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။
“နောက်ကျရင် တစ်အိမ်မှာ ယောကျ်ား၂ ယောက်ရှိရင် တစ်ယောက်၊ မိန်းကလေး ၃ ယောက်ရှိရင် တစ်ယောက် စစ်သားလုပ်ရမယ်ဆိုပြီး ကိုးကန့်က ခေါ်ပြောတယ်။ ဒေသခံတွေက မလုပ်ချင်ဘူး။ ပြန်ပြောလည်း မရဲဆိုတော့ နားထောင်ပြီး ပြန်လာရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ကိုးကန့်တပ်ဖွဲ့၏ လုပ်ဆောင်မှုသည် ကိုးကန့်မဟုတ်သည့် အခြားလူမျိုးများကိုပါ ၎င်းတို့တပ်ဖွဲ့အတွက် အတင်းအဓမ္မတပ်သား စုဆောင်းနေသည့် ပုံစံဖြစ်နေပြီး ဒေသခံပြည်သူများကို အကြောက်တရား ရိုက်သွင်းပြီး အုပ်ချုပ်နေခြင်း ဖြစ်ကြောင်း ရှမ်းမြောက် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
#MeKongNews
#ကွတ်ခိုင်
#သိမ်းပိုက်
#တအာင်း
#MNDAA








