မဲခေါင်၊ မတ် ၂၃
လက်ရှိ စက်သုံးဆီ အကျပ်အတည်းကြောင့် ရှမ်းတောင်တွင် ကားခများ၂ ဆမှ ၃ ဆခန့်အထိ မြင့်တက်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ရှမ်းတောင်၊ တောင်ကြီးနှင့် အောင်ပန်းရှိ စက်သုံးဆီ တစ်လီတာစျေးနှုန်းများမှာ ဓာတ်ဆီ 92Ron ၃၇၃၅ ကျပ်၊ 95 Ron ၃၉၇၅ ကျပ်၊ ပရီမီယံဒီဇယ် ၄၉၄၅ ကျပ်၊ ရိုးရိုးဒီဇယ် ၄၃၁၅ ကျပ်တို့ဖြစ်ပြီး ပြင်ပပေါက်စျေး ဒီဇယ် တစ်လီတာ ၇၅၀၀ ကျပ်ရှိနေကြောင်း သိရသည်။
ကားခများမှာ တောင်ကြီး – ရန်ကုန် လက်မှတ်တစ်စောင်နှုန်းထားများမှာ JJ ယာဥ်လိုင်းတွင် ယခင် ၄၅၀၀၀ ကျပ်မှ ယခု ၆၅၀၀၀ ကျပ်၊ ရွှေမန္တလာကယခင် ၄၈၀၀၀ ကျပ်မှ ယခု ၆၅၀၀၀ ကျပ်၊ Elite က ၄၇၀၀၀ ကျပ်မှ ၆၈၀၀၀ ကျပ်၊ Famous မှာ ၄၈၀၀၀ ကျပ်မှ ၆၈၀၀၀ ကျပ်၊ မြတ်မန္တလာထွန်း ၄၆၀၀၀ ကျပ်မှ ၆၃၀၀၀ ကျပ်အထိ ရှိနေပြီးစက်သုံးဆီ အကျပ်အတည်း မဖြစ်ပေါ်မီ ဖေဖော်ဝါရီ လကုန်ပိုင်းက ကျပ်၂ သောင်းကျော်သာ ရှိနေရာ ရက်၂၀ ကျော်အတွင်း၃ ဆမျှ ခုန်တက်လာခြင်းဖြစ်သည်။
တောင်ကြီးမှ မန္တလေး သို့လည်း ကျပ် ၃ သောင်းကျော်မှ ၄၃၀၀၀ ကျပ်အထိ စျေးတက်လာကြောင်း သိရသည်။
“ဆီက လုံလောက်အောင် မရတော့ ပြင်ပကဝယ်ရတယ်၊ အပြင်မှာပဲ ဆီဆိုင်အချို့က အပြင်စျေးနဲ့ရောင်းပေးတာ၊ တစ်လီတာကို ၇၅၀၀၊ ၈၀၀၀ ဝယ်ထည့်ရတော့ လက်မှတ်ခ စျေးတင်ရတော့တယ်။ စီးသူလည်း နည်းလာတော့ ကားစီးရေလည်း လျှော့ဆွဲရတော့တယ်၊ တောင်ကြီး ရန်ကုန် ယခင်ရက် ၃ စီးထွက်ရာက ယခု တစ်စီးသာထွက်နိုင်တယ်၊ မန္တလေးလည်း တစ်စီးပဲထွက်နိုင်တယ်။ သင်္ကြန်လည်း နီးလာတော့ ပုံမှန်နှစ်တွေတောင် အခါနားနီးရင် ဆီစျေးကြီးတာ ကားတွေရပ်ထားရမယ့် အခြေအနေရှိတယ်”ဟု ယာဥ်လိုင်းဂိတ်မှူးတစ်ဦးက မဲခေါင်သို့ပြောသည်။
မြေပြင်ပို့ဆောင်ရေး အခက်အခဲများ ရှိလာသလိုလေယာဥ်များအတွက် လေယာဥ်ဆီ အခက်အခဲကြောင့် ပြည်တွင်းခရီးစဥ်များ ရပ်နားထားရကြောင်း လေယာဥ်လိုင်းများကလည်း ကြေညာထားသည်။
ရှမ်းအရှေ့၊ တာချီလိတ်မြို့တွင်လည်း မတ်၂၂ ရက်တွင် ဓာတ်ဆီတစ်လီတာ ၄၈ ဘတ်၊ ဒီဇယ်တစ်လီတာ ၆၀ နှုန်းရှိနေကြောင်း သိရပြီး ကျိုင်းတုံတွင် ဓာတ်ဆီတစ်လီတာ ၆၂၀၀ ကျပ်၊ မိုင်းဆတ်၊ မိုင်းတုံဘက်တွင် ဓာတ်ဆီတစ်လီတာ ကျပ် ၈ ထောင် ရှိနေပြီး အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကာ ပုံးများဖြင့် ဝယ်မရသဖြင့် မီးစက် နှင့် အခြားစက်ပစ္စည်းမျိုးစုံ အခက်အခဲဖြစ်နေကြောင်း သိရသည်။
ဆီများ ပြတ်တောက်လာနေသဖြင့် ယခုထက် ပိုမို ရှားပါးလာပါက ဒီဇယ်နှင့် မောင်းရသည့် ဆက်သွယ်ရေးတာဝါတိုင် ဓာတ်အားပေးမီးစက်များ ရပ်တန့်လာနိုင်ပြီး ဆက်သွယ်ရေးအခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း လူထုက ခန့်မှန်း စိုးရိမ်နေကြသည်။
“ကားတွေ တချို့ရပ်ကုန်ပြီ၊ စက်တွေလည်း ရပ်ထားရပြီ၊ ဖုန်းလိုင်းတွေပါ ပြတ်လာနိုင်ပြီ၊ ကုန်တွေလည်း ဈေးတွေတက်လာ အထွေထွေအကျပ်အတည်း ဖြစ်တော့မယ်။ ဆီတွေလာနေတယ် ဆိုပေမယ့် မလောက်မငဖြစ်တာ စျေးကြီးလာနေတာ”ဟု တာချီလိတ်၊ ပုန်းထွန်ရပ်နေသူ တစ်ဦးက ပြော သည်။
မတ်လဆန်းမှ စတင်ခဲ့သည့် အရှေ့အလယ်ပိုင်း ရေနံပြဿနာမှာ ယနေ့အထိ လျော့ပါးလာခြင်း မရှိသေးဘဲ ပို၍ ဆိုးရွားလာသည့် အခြေအနေတွင်သာရှိနေသည်။
လက်ရှိ၌ စက်သုံးဆီဝယ်ယူရာတွင် ကားအင်ဂျင်ပါဝါအလိုက် တစ်ပတ်လျှင် တစ်ရက်မှ ၂ ရက်သာ ဝယ်ယူခွင့်ရန် စစ်ကောင်စီက ကန့်သတ်လိုက်သည်။
ထို့ပြင် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ Work from Home လုပ်ရန် ညွှန်ကြားထားပြီး ပြင်ပ လုပ်ငန်းအဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ရန် အသိပေးထားသည်။
#MeKongNews
#စက်သုံးဆီ
#အကျပ်အတည်း
#ရှမ်းတောင်
#ကားခ
#မြင့်တက်








