မဲခေါင်၊ မတ် ၂၂
ကိုးကန့်တပ်ဖွဲ့- MNDAA နှင့် တအာင်းတပ်ဖွဲ့ – TNLA တို့ လောက်ကိုင်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ၂ ဖက် တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရေး အပါအဝင် သဘောတူညီချက်များ ရရှိခဲ့ပြီဟု TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များကပြောသည်။
၂ ဖက်တပ်ဖွဲ့ခေါင်းဆောင်များ မတ် ၁၈ မှ ၂၀ ရက်အထိ ၃ ရက်တိုင်တိုင် ဆွေးနွေးနွေးပြီးနောက် သဘောတူညီချက်များကို ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းရရှိသည့် သဘောတူညီချက်များတွင် ၂ ဖက်တပ်ဖွဲ့အပစ်ရပ်ရန်၊ ကွတ်ခိုင်ကို ကိုးကန့်တပ်ဖွဲ့က ဆက်လက် ထိန်းချုပ်သွားရန်၊ ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးထားသည့် တအာင်းတပ်ဖွဲ့ဝင်များနှင့် လက်နက်များကို ပြန်လွှဲပေးရန်၊ ၂ ဖက် တပ်ဖွဲ့ တပ်နေရာချထားရေးနှင့် မဟာမိတ်အဖြစ် ဆက်လက်ရပ်တည်ရန် တို့ ပါဝင်သည်ဟု TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“၂ ဖက်တပ် နေရာချထားရေးကိုတော့ ဆက်လက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ဖြစ်လို့ အသေးစိတ် မသိရသေးဘူးပေါ့နော်၊ လက်ရှိအချိန်ထိတော့ မြေပြင်မှာ စစ်ဆိုင်ထားတဲ့နေရာတွေ ရှိနေပေမယ့် ထိတွေ့ပစ်ခတ်မှုတော့ မရှိတော့ဘူး။ အခုရရှိတဲ့ သဘောတူညီချက်တွေကနေ အကောင်းဘက်ကို ဦးတည်သွားဖို့တော့ မျှော်လင့်ပါတယ်။ပြည်သူတွေ ထိခိုက်မှာကို မမြင်ချင်တော့ဘူး” ဟု ၎င်းက ဆိုသည်။
၂ ဖက်တပ်ဖွဲ့ ဆွေးနွေးသဘောတူညီချက် နောက်ဆုံးအခြေအနေကို မဲခေါင်သတင်းဌာနက TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းသော်လည်း လက်ရှိအချိန်ထိ ပြန်လည် ဖြေဆိုခြင်း မရှိသေးပေ။
သို့သော် နှစ်ဖက်တပ်ဖွဲ့များအကြား သဘောတူညီချက် ရရှိခဲ့သည်မှာ မှန်ကန်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရှမ်းမြောက်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေသတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။
နှစ်ဖက်တပ်တွေ အပစ်ရပ်ဖို့ သဘောတူနိုင်ခဲ့တာရှိတယ်။ နောက်တခုကတော့ နှစ်ဖက်တပ်က မဟာမိတ်အဖြစ် ဆက်လက်ရပ်တည်ဖို့ သဘောတူတာ ရှိတယ်။ နောက်တခုကတော့ နယ်မြေတွေ သတ်မှတ်နိုင်ခဲ့တာရှိတယ်။ တပ်နေရာချထားရေးတွေ ပါပါတယ်။ နောက်တခုကတော့ ဒီနှစ်ဖက်တပ်မှာ ထိန်းသိမ်းထားတဲ့ တပ်သားတွေ လက်နက်ခဲယမ်းတွေ ပြန်လည်အပ်နှံဖို့ နှစ်ဖက်သဘောတူတာတွေ ရှိပါတယ်။ လောလောဆယ်ကတော့ ကွတ်ခိုင်မြို့ကို MNDAA က ဆက်လက်ထိန်းချုပ် ဆောင်ရွက်မှာဖြစ်တယ်”ဟု လွေးယေဦးက ဖြေ ကြား ထားသည်။
၂ ဖက်တပ်ဖွဲ့များကြား ပဋိပက္ခ ဖြစ်ပွားခြင်းကြောင့် မတ် ၁၄ ရက်မှ စတင်ကာ ကိုးကန့်တပ်ဖွဲ့က ကွတ်ခိုင်မြို့ အပါအဝင် နမ့်ဖက်ကာမြို့၊ မူဆယ် ၁၀၅ မိုင်စသည့် နေရာများရှိ တအာင်းတပ်ဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
ယင်းနောက် အပစ်ခတ်ရပ်စဲနိုင်ရေး ၂ ဖက်တပ်ဖွဲ့ ခေါင်းဆောင်များက ကိုးကန့်တပ်ဖွဲ့ဌာနချုပ် လောက်ကိုင်တွင် တွေ့ဆုံဆွေးနွေးကာ သဘောတူညီချက်များ ပြန်လည်ရရှိခဲ့သည်။
#MeKongNews
#အပစ်ခတ်ရပ်စဲရေး
#ကိုးကန့်
#တအာင်း
#သဘောတူညီချက်








