မဲခေါင်၊ မတ် ၂၁
ကိုးကန့်တပ်ဖွဲ့ – MNDAA က ပစ်သတ်လိုက်သည့် ကွတ်ခိုင်မြို့နယ် မန်ပြိန်းရွာသူကြီးအမှု သတင်းပျံနှံ့ပြီးနောက် ငွေကျပ်သိန်း ၃၀ ပေးကာ MNDAA ကနှုတ်ပိတ်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
အသက် ၃၇ နှစ်အရွယ်ရှိ မန်ပြိန်းရွာသူကြီး ဦးနိုင်ကိန်ကို မတ် ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် MNDAA က နေအိမ်များတစ်အိမ်ပြီးတစ်အိမ် လိုက်ပြခိုင်းပြီးနောက် ပစ်သတ်လိုက်ခြင်းဖြစ်သည်။
“ကိုးကန့်တပ်တွေ ရွာထဲကို ဝင်လာတဲ့နေ့က ရွာသူကြီးကို တစ်အိမ်ပြီးတစ်အိမ် လိုက်ပြခိုင်းတာ၊ လိုက်ပြပြီးလို့ ရွာသူကြီးက အိမ်ထဲကနေ ပြန်အထွက်မှာ ပစ်သတ်လိုက်တာ။ အဲဒါကို ဘာလို့ ရွာသူကြီးကို ပစ်တာလဲလို့ ရွာသားတွေက မေးတော့ လူမှားပြီး ပစ်သတ်တာလို့ ပြောပြီး တိတ်တိတ်နေဖို့ သတင်းမပျံ့ဖို့ အိမ်ထဲကို ငွေတစ်သိန်း ပစ်ထည့်ပြီး နှုတ်ပိတ်ခိုင်းတယ်။ အခုသတင်းပျံ့တော့မှ ငွေသိန်း ၃၀ လာယူခိုင်းပြီး တိတ်တိတ်နေဖို့ ပြောပြန်တယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယခု ပေးလိုက်သည့် လျော်ကြေးငွေသိန်း ၃၀ သည် နာရေးစရိတ်အတွက်ပင် လောက်ငှမှု မရှိသည့်အပြင် တရားမျှတမှုလည်း မရှိသဖြင့် ဒေသခံအနေဖြင့် လက်မခံလိုသော်လည်း MNDAA က ထပ်မံ ရန်ရှာမည်ကို ကြောက်သဖြင့် ငွေကို လက်ခံခဲ့ရသည်ဟု ဖြစ်စဉ်ကို သိရှိသည့် သတင်းရင်းမြစ်ကပြောသည်။
“ရွာသူကြီးအသက်ကို သိန်း ၃၀ နဲ့တန်ဖိုးဖြတ်တာ တရားမျှတမှုမှ မရှိတာဗျာ။ ရွာသားတွေကလည်း ကြောက်တော့ လက်ခံရတာပဲ။ အခုလည်း ကိုးကန့်တပ်တွေက ရွာထဲမှာ ရှိနေသေးတယ်”ဟု ၎င်းကဆိုသည်။
မတ်လ ၁၇ ရက်တွင် ကိုးကန့်တပ်ဖွဲ့က ကွတ်ခိုင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် မန်ပြိန်းရွာထဲ ဝင်ရောက်လာစဉ် ရွာသူကြီး ဦးနိုင်ကိန်ကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မန်ပြိန်းရွာထဲ တပ်စွဲနေသည့် ရွာထဲဝင်လာသည့် အပြင်လူများကိုလည်း MNDAA က စစ်ဆေးမှု တင်းကျပ်နေပြီး ရွာတွင်းမှ ဒေသခံများကိုလည်း အပြင်ထွက်ခွင့် မပေးသေးကြောင်း သိရသည်။
မတ် ၁၄ ရက်မှစပြီး ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖက်ကာ၊ မူဆယ် ၁၀၅ မိုင် စသည်တို့တွင်ရှိသည့် တအာင်းတပ်ဖွဲ့ – TNLA တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်မှုအတွင်း အရပ်သား ၉ ဦးထက်မနည်းကို MNDAA က သတ်ဖြတ်ထားကြောင်း မြေပြင်သတင်းများအရ သိရသည်။
#MeKongNews
#ရွာသူကြီး
#ပစ်သတ်မှု
#လျော်ကြေး
#MNDAA
#နှုတ်ပိတ်








