မဲခေါင်၊ မတ် ၂၀
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် တစ်ပြိုင်တည်း ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၈၅ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
စစ်ကောင်စီ နယ်မြေလုံခြုံရေးအဖွဲ့များသည် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ တော်ရွက်ရပ်ကွက်နှင့် စွမ်စော်ရပ်ကွက်များအတွင်း အခြေပြုလုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းများကို စစ်ဆေးရာတွင် ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်မှု ကျူးလွန်နေသည့် တရုတ်နိုင်ငံသား ၈၅ ဦးကို ဖုန်းမျိုးစုံ ၂၈၆ လုံး၊ ကွန်ပျူတာ ၃၀ လုံး၊ လက်ပ်တော့ (Laptop) ၂၈ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် တော်ရွက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ လိမ်လည်ရာတွင် အသုံးပြုသည့် ဖုန်း ၄၆ လုံး၊ ကွန်ပျူတာ ၁၈ လုံးနှင့် စွမ်စော်ရပ်ကွက်ရှိ နေအိမ်အတွင်းမှ ဖုန်း ၈၅ လုံး၊ ကွန်ပျူတာ ၁၀ လုံးတို့ကိုလည်း အသီးသီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများနှင့် သက်သေခံပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#MeKongNews
#ကျားဖြန့်
#မူဆယ်
#တရုတ်နိုင်ငံသား
#ကောင်းမူတုံရပ်ကွက်








