~ CWM ~
အီရန်စစ်ပွဲက ရက်သတ္တပတ် သုံးပတ်ထဲ ဝင်ရောက်လာပါပြီ။ (၁၈)ရက်ကြာတဲ့အထိ အခြေအနေတွေ ထူးထူးခြားခြား ပြောင်းလဲမလာသေးပါဘူး။ အီရန် ဘာသာရေးအစွန်းရောက် ခါမေနီအစိုးရကို ဖယ်ရှားရေး (regime change) အစ္စရေးနဲ့ အမေရိကန်ရဲ့ အစီအစဉ်ဟာ ထူးထူးခြားခြားအပြောင်းအလဲ ဘာမှ ဖြစ်မလာသေးပါဘူး။ ဒီအခြေအနေမှာ စစ်ပွဲဂယက်ကြောင့် ကမ္ဘာကြီးတခုလုံး ရိုက်ခတ်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါပြီ။
စစ်ပွဲရဲ့ ပထမနေ့ အီရန်နိုင်ငံကို အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်မှုမှာ အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေ သေဆုံးသွားခဲ့ပေမယ့် အီရန်အစိုးရ ပြိုကျသွားခြင်း မရှိသေးပါဘူး။ အစ္စရေး နဲ့ အမေရိကန်က လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေပေမယ့် အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) နဲ့ ခါမေနီနေရာ အစားထိုရွေးချယ်ထားတဲ့ သားဖြစ်သူ မိုဂျတာဘာ ခါမေနီ တို့က ခုချိန်ထိ အာခံနေဆဲပဲ ဖြစ်တယ်။
စစ်ပွဲအစမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ကျနော်တို့ ဒီစစ်ပွဲကို နိုင်သွားပါပြီ” ” စစ်ပွဲက ပြီးသလောက်ရှိသွားပါပြီ” ” သူတို့မှာ ခေါင်းဆောင်ပိုင်းလည်း မရှိတော့ဘူး။ ရေတပ်လည်း မရှိတော့ဘူး။လေတပ်လည်းမရှိတော့ဘူး။ ဖျက်ဆီးခံလိုက်ရပြီ” ” ဆက်သွယ်ရေးစနစ်တွေလည်း ဘာမှ မရှိတော့ပါဘူး” လို့ ပြောခဲ့တယ်။ အမြဲတမ်း ခပ်ကြွားကြွားလေး ပြောတတ်တဲ့ ထရမ့်က ” စစ်ပွဲကြီး ပြီးသွားပါပြီ” ပြောလိုက်ချိန်မှာ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်ကတော့ ” စစ်ပွဲက အခုမှ စတာ” လို့ ပြောလိုက်တဲ့အခါ သမ္မတ နဲ့ ကာကွယ်ရေးဝန်ကြီး နှစ်ယောက်ကြားမှာတောင် စကားက ရှေ့နောက်မညီ ဖြစ်ခဲ့တယ်။
အီရန်ဘက်က ဒုံးပျံတွေ၊ ဒရုန်းတွေနဲ့ တုန့်ပြန်ပစ်ခတ်တဲ့အခါ အီရန်ဒုံးပျံအားလုံးကို အစ္စရေးနဲ့အမေရိကန်က ကြားဖြတ်ဟန့်တားနိုင်စွမ်းမရှိခဲ့ဘဲ ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့တယ်။ အထူးသဖြင့် အီရန်ဘက်က ကုန်ကျစရိတ်သက်သာတဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်တဲ့အခါ အစ္စရေးနဲ့ ကာတာ၊ ကူဝိတ်၊ ယူအေအီး၊ ဘာရိန်း အစရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတွေက လေဆိပ်တွေ၊ ဟိုတယ်တွေနဲ့ အမေရိကန်စစ်စခန်းတွေ ထိမှန်ခဲ့တယ်။
စစ်ပွဲက တစ်ရက် နှစ်ရက်နဲ့ အပြောင်းအလဲမဖြစ်တဲ့အခါ ဒေါ်နယ်ထရမ့်က ” စစ်ပွဲက အနည်းဆုံး ရက်သတ္တပတ် သုံးပတ်၊ လေးပတ်လောက် ကြာနိုင်တယ်” လို့ ဆိုပြန်တယ်။ အစ္စရေးရော အမေရိကန်ပါ လိုလားနေတဲ့ အစိုးရအပြောင်းအလဲက ဖြစ်မလာသေးတဲ့အပြင် မိုဂျတာဘာ ခါမေနီ ဦးဆောင်တဲ့ အီရန်အစိုးရသစ်ဟာ ကမ္ဘာ့ရေနံစိမ်း ၂၀% ဖြတ်သန်းနေတဲ့ ” ဟော်မုဇ် ရေလက်ကြား” ကို ပိတ်ထားလိုက်တယ်။ ဖြတ်သန်းသွားတဲ့ ရေနံတင်သင်္ဘောတွေကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့အပြင် ရေမြှုပ်မိုင်းတွေလည်း ချထားလိုက်တဲ့အခါ ဟော်မုဇ် ရေလက်ကြားက ရေနံတင်သင်္ဘော ဖြတ်သန်းမှု မရှိသလောက်ဖြစ်သွားတယ်။ တဆက်တည်းမှာ ကမ္ဘာ့ရေနံဈေး ထိုးတက်သွားပြီး ဈေးကွက်ထဲ ကမောက်ကမ ဖြစ်ကုန်တယ်။ အမေရိကန်နဲ့ အစ္စရေးက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်ပေမယ့် အီရန်ကတော့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး တုန့်ပြန်တိုက်ခိုက်ခဲ့တယ်။ ရေနံတစည် ဒေါ်လာ ၂၀၀ ရောက်တဲ့အထိ စီးပွားရေး ပစ်မှတ်ကို အဓိကထား တိုက်ခိုက်မယ်လို့ဆိုတယ်။
အီရန်က အမေရိကန်စစ်စခန်းတွေ တည်ရှိတဲ့ ကူဝိတ်၊ ယူအေအီး၊ ကာတာ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဆော်ဒီအာရေဗျက ပစ်မှတ်တွေကို ဒရုန်းတွေ၊ ဒုံးပျံတွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒေသတွင်း ခရီးသွာလာရေးလုပ်ငန်းတွေ၊ လေကြောင်းခရီးစဉ်တွေအားလုံး ရပ်တန့်သွားတယ်။ ဒီဒေသကို ရောက်ရှိနေကြတဲ့ နိုင်ငံခြားသားတွေအားလုံး စွန့်ခွါထွက်ပြေးကြရတယ်။ စစ်ပွဲဟာ ရက်သတ္တပတ် နှစ်ပတ် ကျော်လွန်လာတဲ့အထိ အပြောင်းအလဲ တစုံတရာ ဖြစ်မလာသေးတဲ့အပြင် အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)ရဲ့ ဒရုန်းနဲ့ ဒုံးပျံတွေဟာ အစ္စရေးနဲ့ ဒေသတွင်း အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေအပေါ် ပုံမှန်အတိုင်း ကျရောက်ပေါက်ကွဲနေတာ မြင်နေရတယ်။
စစ်ပွဲရက် တာရှည်လာတာနဲ့အမျှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အကျပ်ရိုက်လာတယ်။ အထူးသဖြင့် အဓိက ရေနံတင်သင်္ဘောကြီးများ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်ရေးအတွက် ဥရောပမဟာမိတ်နိုင်ငံတွေကို အကူအညီတောင်းခံတဲ့အခါ ဘယ်သူမှ အမေရိကန် ဦးဆောင်တဲ့ စစ်ပွဲထဲ ဝင်မပါလိုဘူးလို့ ငြင်းဆန်ကြတယ်။ ဂျာမန်အဓိပတိ ဖရိုက်ဒရစ် မာ့ဇ်က ” ဒီစစ်ပွဲက နေတိုးနဲ့ မပတ်သက်ဘူး” လို့ ပြောဆိုခဲ့သလို ပြင်သစ်နိုင်ငံကလည်း ဟော်မုဇ်ရေလက်ကြားမှာ ပြင်သစ်ရေတပ် ချထားပေးမှာ မဟုတ်ဘူးလို့ ဆိုခဲ့တယ်။ ထရမ့်ရဲ့ ဟော်မုဇ်ရေလက်ကြား လုံခြုံရေးဖိတ်ခေါ်မှုကို ဗြိတိန်ဝန်ကြီးချုပ် ကိုင်စတာမာ ကလည်း ငြင်းဆန်ခဲ့တယ်။
စစ်ပွဲအစမှာ “နိုင်ပြီ” လို့ ပြောခဲ့ပြီး နောက်တော့ “ပြီးသလောက်ရှိနေပြီ” လို့ ပြောခဲ့ရာက အီရန်စစ်ပွဲဟာ ရက်သတ္တပတ် သုံးပတ်အထိ ရောက်ရှိလာတာနဲ့အမျှ ဒေါ်ထရမ့်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနာဂတ်ကလည်း စိုးရိမ်စရာ ဖြစ်လာတယ်။
အစ္စရေး နဲ့ အမေရိကန်တို့ ဦးဆောင်ခဲ့တဲ့ အီရန်စစ်ပွဲဟာ မလိုအပ်ဘဲ ပေါ်ပေါက်လာရတဲ့စစ်ပွဲသာဖြစ်တယ်။ ဒီစစ်ပွဲကို ဥရောပ မဟာမိတ်နိုင်ငံတွေကလည်း မထောက်ခံဘူး။ စပိန်နိုင်ငံက မထောက်ခံသလို အီတလီကလည်း မထောက်ခံဘူး။ ဒီစစ်ပွဲဟာ ဖန်တီးယူတဲ့စစ်ပွဲ၊ ကိုယ့်ဖာသာကိုယ် ရွေးချယ်လိုက်တဲ့ ( war of choice) သာဖြစ်တယ်။ အမေရိကန် ဒီမိုကရက်လွှတ်တော်ခေါင်းခေါင်းဆောင် ဟာကင်းမ် ဂျက်ဖာရီ နဲ့ အထက်လွှတ်တော်အမတ် မာ့ခ် ဝါနာတို့က အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ဒီစစ်ဆင်ရေးကို ( reckless war of choice)လို့ ကင်ပွန်းတပ်ခဲ့တယ်။ ဘယ်သူမှ အရင်လာတိုက်လို့ ဖြစ်ရတဲ့စစ်ပွဲမဟုတ်ဘူး။ ကြီးမားတဲ့ စစ်ဆင်ရေးကြီး ဆင်နွှဲရလောက်အောင် အီရန်ဘက်က ခြိမ်းခြောက်မှု မရှိခဲ့ဘူး လို့ ဆိုတယ်။ အစ္စရေးကတော့ ဒီစစ်ပွဲကို ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်တဲ့ ( Pre emptive strike ) စစ်ပွဲလို့ ဆိုတယ်။ အီရန်ဘက်က လာမတိုက်ခင် ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်တဲ့သဘော။ အမေရိကန်ကတော့ အီရန်ရဲ့ နျူးကလီးယားခြိမ်းခြောက်မှု၊ (အီရန် နျူးကလီးယားလက်နက်ပိုင်ဆိုင်မှု မရှိအောင်) ဒီစစ်ဆင်ရေး (Operation Epic Fury) ကို ဆင်နွှဲရတာဖြစ်တယ်လို့ ဆိုတယ်။
တကယ်တော့ ဒီစစ်ပွဲက အီရန်နျူးကလီးယားအရေးနဲ့ ပတ်သက်ပြီး အီရန်ကိုယ်စားလှယ်တွေနဲ့ အမေရိကန်ကိုယ်စားလှယ်တွေ ဂျီနီဗာမှာ ဆွေးနွေးရင်း တန်းလန်းကနေ ရုတ်တရက် ထဖြစ်လာတဲ့စစ်ပွဲပါ။ စစ်ကို အဓိက ဦးဆောင်သူက အစ္စရေးဖြစ်ပြီး အမေရိကန်က မဖြစ်မနေ ဝင်ပါလာရတဲ့ အနေအထားမျိုး တွေ့ရတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အီရန်တနိုင်ငံလုံးမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တယ်။ ဒီဆန္ဒပြပွဲတွေကို အီရန်ခေါင်းဆောင်ကြီး အလီ ခါမေနီရဲ့ တော်လှန်ရေးအစောင့်တပ်တွေက ပစ်ခတ်နှိမ်နင်းတဲ့အတွက် ဆန္ဒပြအီရန်ပြည်သူ ၅၀၀၀ နီးပါး သေဆုံးခဲ့ရတယ်။ ဆန္ဒပြပွဲတွေ အရှိန်အမြင့်ဆုံး ရောက်နေချိန်မှာ ဒေါ်နယ်ထရမ့်က အမေရိကန်စစ်တပ်က အီရန်ပြည်သူတွေကို အကူအညီပေးဖို့ လာနေပြီလို့ အားပေးစကားပြောခဲ့တယ်။ နောက်ပိုင်း ဆန္ဒပြပွဲတွေ ငြိမ်သက်သွားတဲ့အခါ ထရမ့်ရဲ့ အကူအညီပေးမယ်ဆိုတဲ့ အစီအစဉ်လည်း အသံတိတ်သွားတယ်။ ပါရှန်းပင်လယ်ကွေ့ကိုတော့ အမေရိကန်လေယာဉ်တင်သင်္ဘောကြီး အေဗရာဟင်လင်ကွန်း အပါအဝင် အခြားစစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ ပို့ဆောင်ပြီး စစ်ပြင်နေခဲ့တယ်။
အစ္စရေး နဲ့ အီရန်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လကလည်း (၁၂)ရက်ကြာ စစ်ပွဲ ဖြစ်ပွားခဲ့သေးတယ်။ အမေရိကန်ရဲ့ရည်ရွယ်ချက်က အီရန်ရဲ့ နျူးကလီးယားလက်နက်ပိုင်ဆိုင်ရေး ကြိုးပမ်းမှုမှန်သမျှကို အလုံးစုံ ရပ်တန့်ပစ်ဖို့ဖြစ်သလို အကြမ်းဖက်အားပေး အစွန်းရောက် ခါမေနီ အစိုးရကို ဖယ်ရှားပစ်ဖို့ ဖြစ်တယ်။ အစ္စရေးရဲ့ ရည်ရွယ်ချက်ကလည်း ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာ နဲ့ ဟူသီအကြမ်းဖက်အဖွဲ့တွေကို နောက်ကွယ်က ထောက်ခံအားပေးနေတဲ့ ခါမေနီအစိုးရ ဖယ်ရှားရေး ဖြစ်တယ်။
ခါမေနီရဲ့ အီရန်အစိုးရကတော့ လူထုအုံကြွဆန္ဒပြမှု ပေါ်ပေါက်အပြီး အမေရိကန်နဲ့ ထိပ်တိုက်မတွေ့လိုတဲ့အတွက် နျူးကလီးယားစွန့်လွှတ်ရေးအစီအစဉ်ကို စားပွဲဝိုင်းပေါ် ဆက်လက်ဆွေးနွေး ပြီး အချိန်ဆွဲနေခဲ့တယ်။ ဒီလို အခြေအနေမျိုးမှာ အစ္စရေးနဲ့ အမေရိကန်က ခါမေနီအစိုးရ အင်အားချိနဲ့နေပြီလို့ ယူဆပြီး ဒီစစ်ပွဲကို စတင်လိုက်ကြတာပါ။
စစ်ပွဲ စ စချင်း ဒေါ်နယ်ထရမ့်က ” နိုင်ပြီ” လို့ ပြောဆိုခဲ့သလို့ ” သိပ်မကြာတော့ပါဘူး” လို့လည်း ပြောဆိုခဲ့တယ်။ ဒီစစ်ပွဲက “ခဏ ပျော်ပါးစားထွက်သလောက်ပါပဲ” လို့လည်း ဆိုတယ်။ ထရမ့် စတင်လိုက်တဲ့ စစ်ပွဲကို ဒီမိုကရက်တွေ သဘောမတူကြဘူး။ အမေရိကန် ၁၀ ယောက်မှာ ၆ယောက်က မထောက်ခံဘူး။ ထရမ့်ဟာ ကွန်ဂရက်ရဲ့ အတည်ပြုချက်မယူဘဲ စစ်ပွဲကို သူ့သဘောနဲ့ သူ စ တင်လိုက်တာဖြစ်တယ်။
ခုတော့ ထရမ့် စတင်ခဲ့တဲ့ စစ်ပွဲဟာ လွယ်လွယ်နဲ့ မပြီးသေးသလို ကမ္ဘာ့ရေနံဈေးတွေ ထိုးတက်ပြီး တကမ္ဘာလုံး လောင်စာဆီပြဿနာနဲ့ ယောက်ယက်ခတ်နေကြရပြီ။ စစ်ပွဲ(၁၈)ရက် ကြာလာတဲ့အထိ အီရန်ဘက်က အစ္စရေးနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဒရုန်းတွေ၊ ဒုံးပျံတွေနဲ့ ပစ်ခတ်နေဆဲဖြစ်သလို ဟော်မုဇ်ရေလက်ကြားကိုလည်း ထိန်းချုပ်ထားဆဲ ဖြစ်တယ်။
ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ဥရောပ အပါအဝင် တရုတ်၊ ဂျပန်နိုင်ငံတွေက ပူးပေါင်းကြပါလို့ ထရမ့်က အကူအညီတောင်းတဲ့အခါ ဘယ်သူကမှ သူ့ရဲ့ အစီအစဉ်ထဲ ဝင်မပါလိုကြဘူး။ ဒီအချိန်မှာ ထရမ့် ဘာဆက်လုပ်မလဲ။ “စစ်ပွဲက မကြာခင် ပြီးတော့မှာပါ” ဆိုခဲ့တဲ့ ထရမ့်ရဲ့ အီရန်စစ်ပွဲက ရက်သတ္တပတ် သုံးပတ်ထဲ ရောက်လာချိန်အထိတော့ ပြီးဆုံးမယ့် အရိပ်အယောင် မမြင်တွေ့ရသေးကြောင်းပါ..။
#CWM ref: CNN, Reuters,BBC World news.
#MeKongNews








