မဲခေါင်၊ မတ် ၁၁
ရှမ်းပြည်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ပြည်သူ့စစ်သင်တန်း ဖွင့်လှစ်နေကြောင်း MNDAA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ယင်းသင်တန်းသည် ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖွင့်လှစ်သည့်သင်တန်းဖြစ်ပြီး အခြေခံပြည်သူ့စစ်တပ်ဖွဲ့များ တည်ဆောက်ရေး အားကောင်းစေရန်၊ အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ လက်တွေ့တိုက်ခိုက်ရေးစွမ်းရည်များ မြှင့်တင်ရန်နှင့် ဒေသတွင်းလုံခြုံရေး အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် ရည်ရွယ်သည်ဟု MNDAA က ဆိုသည်။
ယခုဖွင့်လှစ်သည့် ပြည်သူ့စစ်လေ့ကျင့်ရေးသင်တန်းကို မတ်လ ၇ ရက်မှစတင်၍ ဧပြီလ ၂၁ ရက်အထိ ၄၅ ရက်ကြာ သင်ကြားသွားမည်ဖြစ်ပြီး၊ သင်တန်းသား စုစုပေါင်း ၈၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် သိန္နီမြို့နှင့် ၁၆ မိုင်ခန့်သာ ကွာဝေးသည့် ကွတ်ခိုင်မြို့၌ MNDAA ၏ မဟာမိတ်ဖြစ်သော TNLA နှင့် နယ်မြေစိုးမိုးရေးဆိုင်ရာ တင်းမာမှုများ ဖြစ်ပေါ်နေသည့်အချိန်တွင် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်လာခြင်းလည်း ဖြစ်သည်။
#MeKongNews
#သိန္နီ
#MNDAA
#ပြည်သူ့စစ်
#ရှမ်းမြောက်








