မဲခေါင်၊ မတ် ၁၀
တောထဲလွှတ်ထားသည့် ကျွဲများကို လိုက်ရှာရင်း စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဒုံပုံးဒေသခံ အမှု တိုင်ကြားရန် သွားသော်လည်း PNOက အတွေ့မခံ တိုင်ကြားခွင့်မပြုခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၄ ရက်နေ့တွင် မောက်မယ်မြို့နယ်၊ ကဒူးကြီးအုပ်စု၊ ဒုံပုံးဒေသခံသုံးဦးသည် လွှတ်ထားသည့် ကျွဲကိုလိုက်ရှာရာမှ PNOပြည်သူ့စစ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ခွန်သိန်းပေနှင့်ခွန်အငယ် ၂ ဦးကို PNOပြည်သူ့စစ်က ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ခွန်သိန်းပေ၏သား ခွန်ထွန်းဟန်ကိုမူ ငွေ ၂၈ သိန်းကျပ်ဖြင့် ပြန်လည်ရွေးယူခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းအမှုတွင် ကျူးလွန်သည့် တပ်ဖွဲ့ဝင်များကို အရေးယူပေးရန်နှင့် အသတ်ခံရသည့် ရွာသားနှစ်ဦး၏ အလောင်းကို ပြန်ပေးရန် ဒေသခံအချို့က မောက်မယ်မြို့နယ် ဟိုနမ့်တွင်ရှိသည့် PNOစစ်ဒေသမှူး ဗိုလ်မှူး ဆိုင်ဖကို သွားရောက်တိုင်းကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ သွားရောက်တိုင်ကြားရာတွင် PNOပြည်သူ့စစ်များက လူကြီးမအားဟုဆိုကာ တိုင်ကြားခွင့်မပေးပဲ ဒေသခံများကို ဆဲဆိုမောင်းထုတ်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။
“ရွာလူကြီးက သွားတိုင်တာ မိသားစုဝင်တွေက အသုဘပွဲလုပ်ပေးချင်လို့ အလောင်းတွေကို ပြန်ပေးဖို့နဲ့ ပစ်သတ်သူတွေကို အရေးယူပေးဖို့ သွားတိုင်တာ။ တိုင်ကြားခွင့်မရလိုက်ဘူး လူကြီးမအားဘူး အလုပ်ရှုပ်နေတယ် နိုင်ငံတော်နဲ့အလုပ်လုပ်နေတာဆိုပြီးတော့ မောင်းပြန်လို့ ဒီအတိုင်းပဲ ပြန်လာလိုက်ရတယ်”ဟု ဒေသခံသတင်းရင်းမြစ်တဦးကပြောသည်။
သတ်ဖြတ်ခံရသည့် ဒေသခံ ၂ ဦး၏ အလောင်းကို ယနေ့အထိ PNO ပြန်ယူခွင့်မပြုပဲ နောက်ထပ်လာရင် ထပ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်းလည်း ဒုံပုံးဒေသခံ တစ်ဦးကပြောသည်။
“မိသားစုတွေကတော့ အရိုးပဲရရ ပြန်သယ်ချင်တာပေါ့။ ကောင်းရာ၊ ကျွတ်ရာဘဝရောက်အောင် ကောင်းမှုကုသိုလ်ပွဲလုပ်ပေးချင်တာပေါ့။ အခုဟာက ထပ်မလာနဲ့ ထပ်လာရင် ထပ်ပစ်မယ်လို့ ခြိမ်းခြောက်နေတော့ ဘာလုပ်ရမှန်မသိဘူးဖြစ်နေတယ်။ တအားခက်တယ်”ဟု ၎င်းဒေသခံကပြောသည်။
ဒုံပုံးရွာသားများဖြစ်သည့် ခွန်သိန်းပေ၊ ခွန်သိန်းပေ၏သား ခွန်ထွန်းဟန် နှင့် ခွန်အငယ် ၃ ဦးတို့သည့် မတ်လ ၄ရက်နေ့၌ တောထဲလွတ်ထားသည့် ကျွဲကို သွားရှာရာမှ ပနားပန်ကျေးရွာအနီးအရောက်တွင် စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်တပ်ဖွဲ့၏ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့် ၎င်းတို့ ၃ ဦးအနက် ခွန်သိန်းပေ အသက် ၄၀နှစ်နှင့် ခွန်အငယ် အသက် ၂၀ နှစ်တို့ကို အဖမ်းခံရသည့် မတ် ၄ ရက်နေ့ နံနက် ၁၁နာရီခန့်တွင်ပင် PNO ပြည်သူ့စစ်က သေနတ်ဖြင့် ၄ ချက်စီပစ်ခတ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ခွန်သိန်းပေ၏သား ခွန်ထွန်းဟန် အသက် ၁၄ နှစ်ကိုမူ ငွေကျပ် ၂၈ သိန်းဖြင့် PNOပြည်သူ့စစ်ထံမှ ပြန်လည်ရွေးယူကာ လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို ထိုးစစ်ဆင်လာပြီးနောက်ပိုင်း ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း သတ်ဖြတ်ခြင်းများ မကြာခဏ ကျူးလွန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#PNO
#မောက်မယ်
#ကဒူးကြီး
#ဒုံပုံးကျေးရွာ








