မဲခေါင်၊ မတ် ၁၀
ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့နယ်များတွင် ယနေ့ မတ်လ ၁၀ ရက် နံနက်ပိုင်းက မိုးရွာသွန်းခဲ့ရာ တာချီလိတ်မြို့ရှိ လမ်းမအချို့ပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း မြို့များဖြစ်သည့် ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းလား၊ မိုင်းဆတ်၊ တာလေနှင့် မိုင်းယုမြို့များ၌ မိုးရွာသွန်းခဲ့ခြင်းဖြစ်သည်။ အချို့မြို့များတွင် နံနက် ၄ နာရီခန့်မှစ၍ လည်းကောင်း၊ အချို့မြို့များတွင် နံနက် ၇ နာရီခန့်မှစ၍လည်းကောင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း ဖြစ်သည်။
“တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။ ချောင်းကာနံရံကလည်း မပြီးသေးဘူးလို့ ကြားတယ်။ လာမယ့် မိုးတွင်းဆိုရင် ဘယ်လိုလုပ်ကြမလဲ စိုးရိမ်ရတယ်” ဟု တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ယနေ့ နံနက် ၇ နာရီမှ ၈ နာရီအထိ တစ်နာရီခန့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်၊ ပုန်းထွန်ရပ်ကွက်အတွင်းရှိ ကားလမ်းများပေါ်တွင် ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အလားတူ တာချီလိတ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။
မတ်လ ၇ ရက်မှ ၁၃ ရက်အထိ ရှမ်းပြည်နယ်အတွင်း မိုးလေဝသအခြေအနေနှင့် ပတ်သက်၍ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က “တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်မြို့နယ်တွေမှာ မတ်လ ၈၊ ၉၊ ၁၀ ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာနိုင်ပြီး နေရာကွက်ပြီး ခေတ္တမိုးသည်းထန်နိုင်ပါတယ်။ မတ် ၁၀ ရက်မှာ Rain rate အမြင့်ဆုံး 4mm/hr ရှိနိုင်ပေမဲ့ ရေကြီးနိုင်လောက်တဲ့ မိုးရေချိန်အထိတော့ မရွာနိုင်ပါဘူး” ဟု ယမန်နေ့က ခန့်မှန်းပြောကြားထားသည်။
#MeKongNews
#တာချီလိတ်
#ရေလျှံ
#ရှမ်းအရှေ့
#မယ်ဆိုင်








