မဲခေါင်၊ ဖေဖော်ဝါရီ ၂၆
ဒီမိုကရေစီလိုလားသူ ဟောင်ကောင် မီဒီယာသူဌေးကြီး ဂျင်မီလိုင်းအား ၂၀၂၂ ခုနှစ်က ချမှတ်ခဲ့သည့် လိမ်လည်မှု ပြစ်ဒဏ်အပေါ် ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် အယူခံ အနိုင်ရရှိခဲ့သည်။
၎င်းသည် သီးခြားစွဲချက်ဖြစ်သော အမျိုးသားလုံခြုံရေးဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ အယူခံအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ယခုဆုံးဖြတ်ချက်သည် ယခုလအစောပိုင်းကမှ ပေကျင်းက ပြဋ္ဌာန်းထားသည့် အမျိုးသားလုံခြုံရေး ဥပဒေအရ ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရသော အသက် ၇၈ နှစ်အရွယ် ဂျင်မီလိုင်းအတွက် မမျှော်လင့်ဘဲ ရရှိလာသည့် အောင်ပွဲတစ်ခုလည်း ဖြစ်သည်။
ယင်းအမှုသည် စာချုပ်ပါ အငြင်းပွားမှုတစ်ခုမှ စတင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းရင်ဆိုင်နေရသည့် အမျိုးသားလုံခြုံရေးဥပဒေဆိုင်ရာ စွဲချက်များနှင့် သက်ဆိုင်ခြင်းမရှိပေ။
၎င်းသည် ကိုယ်တိုင် ရုံးချိန်း တက်ရောက်ခဲ့ခြင်း မရှိဘဲ အကျဉ်းထောင်အတွင်း၌သာ ရှိနေဆဲဖြစ်သည်။
“အယူခံများကို ခွင့်ပြုသည်၊ ပြစ်ဒဏ်စီရင်ချက်များကို ပယ်ဖျက်ပြီး ပြစ်ဒဏ်များကို ဘေးဖယ်ထားသည်” ဟု တရားလွှတ်တော် တရားသူကြီးချုပ် ဂျယ်ရမီပွန်က ပြောကြားခဲ့ကာ ဂျင်မီလိုင်း၏ ရုံးချိန်းမတက်ဘဲ ခွင့်တိုင်မှုကိုလည်း ခွင့်ပြုခဲ့ကြောင်း ဆိုသည်။
ဟောင်ကောင် အာဏာပိုင်များအနေဖြင့် ယခု ဆုံးဖြတ်ချက်အပေါ် ထပ်မံ အယူခံဝင်ရန် ရှိ၊ မရှိ သတင်း ထောက်များ၏ မေးမြန်းမှုကိုမူ အစိုးရရှေ့နေများက ဖြေကြားခြင်း မရှိခဲ့ပေ။
ဟောင်ကောင်အစိုးရ၏ သဘောထားကို သိရှိနိုင်ရန် ဆက်သွယ်ထားဆဲ ဖြစ်ကြောင်း AFP သတင်းက ဆိုသည်။
၂၀၂၂ ခုနှစ်အတွင်းက စစ်ဆေးခဲ့သည့် ယင်းအမှုတွင် “စီစဉ်ထားသော၊ စနစ်တကျရှိသော နှင့် နှစ်ရှည်လများ လုပ်ဆောင်ခဲ့သော” အစီအစဉ်ဖြစ်သည်ဟု ဆိုကာ ဂျင်မီလိုင်းကို မူလတရားသူကြီးက ထောင်ဒဏ် ၅ နှစ်နှင့် ၉ လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယနေ့ ထွက်ပေါ်လာသည့် ယင်းရလဒ်က ဂျင်မီလိုင်း၏ စုစုပေါင်း ကျခံရမည့် ထောင်ဒဏ် သက်တမ်းအပေါ် မည်သို့ သက်ရောက်မှု ရှိမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အမျိုးသားလုံခြုံရေး အမှုအတွက် မီဒီယာသူဌေးကြီး ဂျင်မီလိုင်းအပေါ် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရပြီး ယင်းအနက်မှ ၂ နှစ်မှာ ယခု ပယ်ဖျက်လိုက်သည့် လိမ်လည်မှုအမှုအတွက် ချမှတ်ထားသော ထောင်ဒဏ်နှင့် ဆတူကျခံရန် သတ်မှတ်ထားခြင်း ဖြစ်သည်။
ယင်းအမှုတွင် ၎င်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် အသုံးပြုရန် ဖွင့်လှစ်ထားသည့် အတိုင်ပင်ခံကုမ္ပဏီ တစ်ခုသည် Apple Daily သတင်းစာမှ သတင်းထုတ်ဝေရန်နှင့် ပုံနှိပ်ရန် ငှားရမ်းထားသော ရုံးခန်းနေရာကို ဂျင်မီလိုင်းက အသုံးပြုခဲ့သည်ဟု တရားခွင်အတွင်း အစိုးရရှေ့နေများက စွဲဆိုခဲ့ကြသည်။
၎င်းသည် Apple Daily နှင့် အစိုးရပိုင် ကုမ္ပဏီတစ်ခုတို့ ချုပ်ဆိုထားသည့် ငှားရမ်းမှုဆိုင်ရာ စည်းကမ်းချက်များကို ချိုးဖောက်ခြင်းဖြစ်ပြီး လိမ်လည်မှုမြောက်သည်ဟု အစိုးရရှေ့နေများက စွဲဆိုခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် “စွဲဆိုခံရသူသည် စွဲချက်အတိုင်း မှားယွင်းစွာ ကိုယ်စားပြု ဖော်ပြခဲ့ကြောင်းကို အစိုးရရှေ့နေများဘက်က သက်သေမပြနိုင်ခဲ့” ဟု တရားသူကြီးချုပ် ပွန်က ယနေ့တွင် ဆုံးဖြတ်ချက် ချခဲ့သည်။
ယင်းအမှုတွင်ပင် Apple Daily ၏ အမှုဆောင်ဟောင်းတစ်ဦးဖြစ်သူ ဝမ်ဝေကွန်းသည်လည်း အတူ စွဲချက်တင်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် ထောင်ဒဏ် ၂၁ လ ချမှတ်ခံခဲ့ရပြီး ယနေ့တွင် ၎င်း၏ ပြစ်ဒဏ်စီရင်ချက်နှင့် ထောင်ဒဏ်များကိုလည်း အယူခံတရားရုံးက ပယ်ဖျက်ပေးခဲ့သည်။
Ref: CNA
#MeKongNews
#ဟောင်ကောင်
#ဂျင်မီလိုင်း
#လိမ်လည်မှု
#အယူခံ








