မဲခေါင်၊ ဖေဖော်ဝါရီ ၂၄
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒုတိယမြောက် လေယာဉ်တင်သင်္ဘောပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်လာတော့မည်ဖြစ်ကာ အောက်တိုဘာ ၅ ရက် အင်ဒိုနီးရှား တပ်မတော်နေ့၌ သင်္ဘောကြီး စတင်ရောက်ရှိလာမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးတာဝန်ယူချိန်ကတည်းက ပရာဝိုဘီသည် တပ်မတော်အား အဆင့်မြှင့်တင်နိုင်ရေး ဖိုက်တာဂျက်လေယာဉ်များ၊ ဒုံးကျည်စနစ်နှင့် စစ်သင်္ဘောများဝယ်ယူအားဖြည့်ရေး ရည်မှန်းခဲ့ပြီး ယခုဝန်ကြီးချုပ်ဖြစ်လာချိန်တွင် ပထမဆုံး အီတလီ ရေတပ်ပိုင် Giuseppe Garibaldi လေယာဉ်တင်သင်္ဘောအား ဝယ်ယူရန် ကမ်းလှမ်းရာတွင် အီတလီအစိုးရက ရောင်းချရန် ကတိပြုခဲ့ခြင်းဖြစ်သည်။
ယင်းလေယာဉ်တင်သင်္ဘောသည် ၁၉၈၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တပ်တော်ဝင်တာဝန်ထမ်းဆောင်ခဲ့ပြီး လေ့လာသူများက အင်ဒိုနီးရှားနိုင်ငံ၏ မဟာဗျူဟာကျသော ရေလမ်းကြောင်းများ၊ ကျယ်ပြန့်သော ကျွန်းစုနိုင်ငံများအနေဖြင့် ပထဝီဝင်အနေအထားအရသော်လည်းကောင်း တရုတ်၏ တောင်တရုတ် ပင်လယ်တွင် စိုးမိုးလာမှုများကြောင့် လေယာဉ်တင်သင်္ဘော လိုအပ်သည်ဟု သုံးသပ်ခဲ့ကြသည်။
သို့သော် အခြားသော ကျွမ်းကျင်သူများက လေယာဉ်တင်သင်္ဘောတစ်စီး၏ လည်ပတ်မှုကုန်ကျ စားရိတ်သည် တစ်နှစ် ဒေါ်လာ သန်း ၅၀ မှ ၈၀ အထိ ရှိမည်ဖြစ်သောကြောင့် လူမှုရေး၊ စီးပွားရေး၊ ကာကွယ်ရေးအစီအစဉ်များတွင် ရည်မှန်းချက်ကြီးမားစွာ မြှင့်တင်မည့် စီမံကိန်းများကြောင့် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးဖြစ်နိုင်မည်ဟု သုံးသပ်နေကြသည်။
အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံက ၁၉၉၇ ခုနှစ်ကတည်းက စပိန်တွင် တည်ဆောက်ခဲ့သော လေယာဉ်တင်သင်္ဘော HTMS Chakri Naruebet (CVH-911) ကို ဝယ်ယူခဲ့သဖြင့် ပထမဆုံး အရှေ့တောင်အာရှ၏ လေယာဉ် တင်သင်္ဘောပိုင်နိုင်ငံဖြစ်လာသော်လည်း ထိုသင်္ဘောသည် ကမ္ဘာ့အသေးဆုံးလေယာဉ်တင်သင်္ဘော အဖြစ် တန်ချိန် ၁၁၄၀၀ သာရှိသဖြင့် သဘာ၀ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ ရဟတ်ယာဉ် တင်ဆောင်မှုများ၊ ဒရုန်းများတင်ဆောင်မှုများသာလုပ်နိုင်ပြီး လေယာဉ်တင်ဆောင်ဆင်းသက်နိုင်ခြင်း မရှိပေ။
Defence Security Asia ၏ ဖော်ပြမှုတွင် အင်ဒိုနီးရှားဝယ်မည့် ဒေါ်လာ ၁ ဘီလီယံတန် Giuseppe Garibaldi လေယာဉ်တင် သင်္ဘောမှာမူ ဖိုက်တာဂျက်လေယာဉ်များတင်ဆောင်နိုင်သော်လည်း အင်ဒိုနီးရှားတွင် ဒေါင်လိုက် ဆင်းသက်နိုင်သော လေယာဉ်များမရှိခြင်း၊ သာမန်ဂျက်လေယာဉ် ဆင်းသက်ရန် ပြေးလမ်းတိုနေခြင်း တို့ကြောင့် အင်ဒိုနီးရှားသည်လည်း ရဟတ်ယာဉ်များသာ အဓိကတင်ဆောင်သွားနိုင်ဖွယ်ရှိသည်။
ကိုကလင်း
Ref: channelnewsasia
#MeKongNews
#အင်ဒိုနီးရှား
#အရှေ့တောင်အာရှ
#လေယာဉ်တင်သင်္ဘော
#အီတလီ








