မဲခေါင်၊ ဖေဖော်ဝါရီ ၂၃
တော်လှန်ရေးတပ်ဖွဲ့များသာမက စစ်ကောင်စီစစ်ကြောင်းပါ လှုပ်ရှားနေသည့် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နဘန်းကြီးကျေးရွာအုပ်စု၊ ပွေးနဖားရွာမှ ဒေသခံလင်မယားနှစ်ဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းက ပွေးနဖားရွာအနီးတွင် ကိုဖိုးသား ဆိုသူနှင့် ၎င်း၏ အမျိုးသမီးတို့ ရုပ်အလောင်းကို ရွာသားများက တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
“ဘယ်သူတွေသတ်တယ်ဆိုတာတော့ အတိအကျမသိရဘူးဗျ။ ဒီမှာက ပျူစောထီးတွေ၊ စစ်တပ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ရှုပ်ယှက်ခတ်နေတာ” ဟု နဘန်းကြီးဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
အလောင်းတွေ့ရှိရာ ပွေးနဖားရွာသည် ရွာငံမြို့၏ အနောက်မြောက်ဘက် တစ်မိုင်ကျော်ခန့်သာ ကွာဝေးပြီး စစ်ကောင်စီစစ်ကြောင်းများ ကျေးရွာစဉ်အတိုင်း သွားလာလှုပ်ရှားနေသလို တော်လှန်ရေးအဖွဲ့များလည်း လှုပ်ရှားနေသည့် နယ်မြေဖြစ်ကြောင်း သိရသည်။
ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) မှ ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံကမူ ဖိုးသားဆိုသူမှာ ပျူစောထီးတစ်ဦးဖြစ်ကြောင်း ပြောသည်။
“ပွေးနဖားက ဖိုးသားဆိုရင်တော့ စကစလူပဲ။ ပျူစောထီး ငအွန်ရဲ့ လက်အောက်က ပျူစောထီးတစ်ယောက်ပါ။ စစ်တပ်လာရင် ဧည့်ခံနေကျ။ ချိတ်ပိတ်ခံရတဲ့ အိမ်တွေက ပစ္စည်းတွေယူ၊ ကုန်ရင် ပြတင်းပေါက်ပါဖြုတ်ရောင်းတဲ့အထိ လူထုကို ဒုက္ခပေးနေတဲ့သူပါ။ စကြားတုန်းကတော့ မိန်းမပဲသေတယ်ကြားတာ၊ နောက်မှ သူပါသေသွားတာလို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်ကလည်း ရွာငံမြို့နယ်၊ လယ်ကိုင်းရွာအတွင်းသို့ အရပ်ဝတ်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ရွာသား ၄ ဦး၏ ရုပ်အလောင်းများကို ဖေဖော်ဝါရီ ၉ ရက်တွင် ရွာ၏မြောက်ဘက်၌ ပြန်လည်တွေ့ရှိခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။
#MeKongNews
#ရွာငံ
#နဘန်းကြီး
#ပွေးနဖားရွာ
#ပျူစောထီး








