မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
တာချီလိတ်မြို့နယ်၊ တာလေမြို့၊ တာလေရဲစခန်းမှူး ရဲအုပ်စိန်ပိုမှာ ငွေတောင်းကြမ်းနေပြီး လက်အောက်ငယ်သားများနှင့် အများပြည်သူကို မောက်မာရိုင်းစိုင်းစွာ ဆက်ဆံကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များနှင့် ဒေသခံများက ပြောသည်။
တာလေမြို့တွင် မဲခေါင်မြစ်အတွင်းမှ သယ်ယူလာသည့် တရုတ်ကုန်စည် မှောင်ခိုတင်သွင်းမှုများနှင့် ကားမှောင်ခိုတင်သွင်းမှုများကို တာလေရဲစခန်းက စခန်းမှူး ရဲအုပ်စိန်ပိုက လိုင်းကြေးရယူကာ ခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။
တရုတ်နိုင်ငံမှတဆင့် မဲခေါင်မြစ်အတွင်း သင်္ဘောဖြင့် အကောက်ခွန်မဲ့ မှောင်ခိုတင်ဆောင်လာသည့် တရားမဝင်ကုန်စည်များဖြစ်သည့် အရက်၊ ဘီယာ၊ တရုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းမျးသည် မိုင်းလင်းအုပ်အစုအနီး မဲခေါင်မြစ်ကမ်းဘေးအတွင်း ကျောက်ချကာ ကုန်ကားများဖြင့်တင်ဆောင်ပြီး ကျိုင်းတုံ၊ တာချီလိတ်မြို့အတွင်း ပြန်လည်သယ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ယင်းကုန်ပစ္စည်းများကို တာလေမြို့အတွင်း ဖြတ်သန်းသယ်ဆောင်ရခြင်းဖြစ်ပြီး စခန်းမှူး ရဲမှူးစိန်ပိုကို လိုင်းကြေးပေးနေရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
“တာလေဘက်ကနေ လိုင်စင်မဲ့ကားတွေလည်းဖြတ်တယ်။ ကုန်တွေလည်းဖြတ်တယ်။ ဘာမှ မဖမ်းဘူး စိန်ပိုက လိုင်ကြေးယူပြီး အကုန်လွှတ်ပေးတာပဲ။ တခြားတရားမဝင် လုပ်ငန်းတွေကနေရာ သူ့လိုင်းကြေးက ဘတ်သန်းချီရတယ်” ဟု ၎င်းက ပြောသည်။
တာလေမြို့သည် တာချီလိတ်မြို့နယ်အတွင်း တည်ရှိပြီး လမ်းဆုံမြို့ဖြစ်သည့်အတွက် တရားမဝင်လုပ်ငန်းများ၏ ဆုံချက်ကဲ့သို့ ဖြစ်နေကာ ဌာနဆိုင်ရာများက လိုင်းကြေးအများအပြား ရယူပြီး ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“တာလေက မူးယစ်ဆေးဝါးတို့၊ ဂိမ်းခုံတို့လည်းပေါတယ်။ အားလုံးက ပေါ်ပေါ်တင်တင်ပဲ။ ရဲကလည်း အရေးမယူဘူး။ တရားဝင်ခွင့်ပြုထားသလိုပဲ။ ကျနော်တို့က တော်ရုံဆိုမပြောပါဘူး။ စခန်းမှူးစိန်ပိုက တော်တော်အတောင်းကြမ်းတယ်” ဟု တာလေမြို့ခံတစ်ဦးက ပြောသည်။
#MeKongNews
#တာလေမြို့
#ရဲအုပ်စိန်ပို
#တရားမဝင်ကုန်စည်
#တာချီလိတ်








