မဲခေါင်၊ ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ နားဟီးကျေးရွာသို့ တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၂၀၀ ကျော်အတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိတွင် ရာသီအကူးအပြောင်းကာလ ဖြစ်သောကြောင့် စစ်ဘေးရှောင်များအကြား ရာသီတုပ်ကွေး၊ နှာစေးနှင့် ချောင်းဆိုးသူ များပြားနေပြီး ဆေးကုသပေးမည့် ဆရာ၊ ဆရာမ အင်အား နည်းပါးနေခြင်းကြောင့် အခက်ကြုံနေရခြင်း ဖြစ်သည်။
“ဒေသခံလည်း များတယ်၊ စစ်ဘေးရှောင်လည်း များတယ်။ ခုရာသီက ဖျားနာသူလည်း များတော့ ဆေးခန်းမှာရှိတဲ့ ဆရာမက မလောက်တော့ဘူး။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကူအညီ လိုအပ်တယ်” ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောကြားသည်။
ကျန်းမာရေး အကူအညီများအပြင် စားနပ်ရိက္ခာ၊ ဆေးဝါးများ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများနှင့် နေရာထိုင်ခင်းများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။
ယင်းစစ်ဘေးရှောင်များသည် ကဒူကြီးဒေသ၊ ဗန်းမက်ကျေးရွာများမှ ဒေသခံများဖြစ်ကြပြီး အိမ်ထောင် စု ၂၀၀ ကျော်၊ လူဦးရေ ၁၂၀၀ နီးပါးရှိကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် ပအိုဝ်းပြည်သူ့စစ် – PNO က ဗန်းမက်ဒေသဘက်သို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongnews
#နားဟီး
#စစ်ဘေးရှောင်
#ကျန်းမာရေး
#အကူအညီ
#လိုအပ်








