မဲခေါင်၊ ဖေဖော်ဝါရီ ၁၀
ရပ်ရွာလုံခြုံရေး အကြောင်းပြကာ ရွာသူကြီး အာမခံဖြင့် ပအိုဝ်းပြည်သူ့စစ် – PNO တွင် စစ်သင်တန်း တက်ခိုင်းသူများထဲမှ ရှေ့တန်းသို့ လိမ်လည်ပို့ခံရသော ဟိုပုံးဒေသခံ ၁၆ နှစ်အရွယ် လူငယ်တစ်ဦး တိုက်ပွဲတွင် သေဆုံးသွားမှု ကို PNO ခန့်အုပ်ချုပ်ရေးမှူးက အသက်လိမ် ပြောခိုင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်၊ ဆီဆိုင် – မောက်မယ် နယ်စပ်တိုက်ပွဲတွင် သေဆုံးသူမှာ ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ ခိုလှိုင်ကျေးရွာမှ အသက် ၁၆ နှစ် အရွယ် ခွန်မောင်ပန်း (ခ) ခွန်တပွို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ခွန်မောင်ပန်းက အသက် ၁၈ မဟုတ်ဘူး အသက် ၁၆ ပဲရှိသေးတယ်။ သေသွားတဲ့အချိန်မှ PNO ခန့်တဲ့ အုပ်ချုပ်ရေးမှူးက အသက် ၁၆ ပေးမရေးဘဲ ၁၈ ရေးခိုင်းတာ။ အဲဒါကြောင့် အသက် ၁၈ လို့ရေးခဲ့ရတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။
သေဆုံးသူ ခွန်မောင်ပန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက်တွင် ကျန်ရစ်သူ မိသားစုများက စျာပနပွဲ ပြုလုပ်ပေးပြီး ကောင်းမွန်စွာ သဂြိုဟ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ရပ်ရွာ လုံခြုံရေးအတွက်ဆိုပြီး ရွာသူကြီးက အာမခံပေးတာ၊ သူတက်ခိုင်းတာ၊ အဲဒါ တက်ပြီးတော့ စစ်သင်တန်း တက်ပြီးရင် ဘယ်နေရာမှ မသွားရဘူးလို့ သူပြောတာ။ အာမခံတယ်ဆိုပြီး အခု တိုက်ပွဲဖြစ်တော့ ရှေ့တန်းပို့ခံရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးရတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဆီဆိုင် – မောက်မယ် နယ်စပ်ဒေသတွင် PNO က စစ်ကြောင်းထိုးလာခြင်းကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – PNLA နှင့် ယခု ရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
လက်ရှိတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လူငယ်များကို တပ်ထဲဝင်ရန် PNO က အတင်းအဓမ္မ စစ်သားစုဆောင်းပြီးနောက် ရှေ့တန်းပို့နေကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ရှေ့တန်း
#တိုက်ပွဲ
#သေဆုံး
#နာရေး
#PNO








